ဘယ်နိုင်ငံမှာမှ မရှိခဲ့တဲ့ ကမ္ဘာ့အထူးဆန်းဆုံး တစ်ချိန်က မြန်မာငွေစက္ကူများအကြောင်း

ဦးနေဝင်းခေတ်မှာ ထုတ်လုပ်သုံးစွဲခဲ့တဲ့ မြန်မာ့ငွေစက္ကူတွေဖြစ်တဲ့ ၁၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၉၀ တန် တွေဟာ ကမ္ဘာမှာမရှိ ထူးဆန်းဆုံး ငွေစက္ကူများအကြောင်းကို ခုလိုပြောပြထားပါတယ်။

တိုကျိုမြို့၏ နံနက်ခင်းတွင် နိုင်ငံခြားရက်တိုခရီးတစ်ခုမှ ပြန်လာပြီး ပထမဆုံး စာသင်ခန်းပြန်ဝင်လာသော ပါမောက္ခကြီး အိုနို စိတ်အားထက်သန် ရွှင်ပြလျက်ရှိ၏။ နှစ်ပတ်ခန့် မတွေ့ရသော ကျောင်းသူကျောင်းသားများကိုအကြောင်းအရာသစ်များ သင်ပြပေးရန် သူ့မှာ စိတ်ဝင်စားစရာ ပစ္စည်းများ ရရှိလာခဲ့သည်။ ဆရာကြီးက စာသင်ခန်းထိပ်ရှိ ပရိုဂျက်တာပေါ်တွင် ပုံတစ်ပုံကို ပထမဆုံး ထိုးပြလိုက်ပြီး “ဒါဘာလဲ သိကြသလား” ဟု မေးလိုက်၏။အများသိသော ပုံမို့ အားလုံး ပြုံးစိစိဖြစ်ကာ ကောင်မလေးတစ်ယောက်မှာ ခစ်ကနဲ ရယ်သံထွက်သွားသည်။ ဂျပန်နိုင်ငံတွင် လူတိုင်းသိသော ယန်း ၂၀၀၀ တန် ငွေစက္ကူ၏ပုံ ဖြစ်သဖြင့် အလွန်စာသင်ကောင်းသော ပါမောက္ခကြီး အိုနိုက အကြောင်းရှိ၍သာ မေးမြန်းမှန်း သိကြ၏။

ထို့ကြောင့် နှုတ်သွက်လျှာသွက် ကျောင်းသူလေး တာမူရက “ဝန်ကြီးချုပ် အိုဘုချိလက်ထက်မှာ စတင် ထုတ်ဝေခဲ့တဲ့ ယန်း ၂၀၀၀ တန် ငွေစက္ကူ ဖြစ်ပါတယ်။ ထုတ်ဝေတာ နှစ်သိပ်မကြာသေးပဲ လူကြိုက်လည်း မများဘူး။

အမေရိကန်ပြည်ထောင်စုမှာ လူတွေ အသုံးပြုတာ အများဆုံးက ဒေါ်လာ ၂၀ တန် ဖြစ်သလို ဂျပန်နိုင်ငံမှာလည်း တန်ဖိုးချင်း မတိမ်းမယိမ်း ယန်း ၂၀၀၀ တန်ကို တွင်တွင်ကျယ်ကျယ် သုံးကြလိမ့်မယ်လို့ ဝန်ကြီးချုပ် အိုဘုချိက မျှော်လင့်ခဲ့ပါတယ်။

ဒါပေမဲ့ သူထင်သလို ဖြစ်မလာခဲ့ပါဘူး” ဟု အတော် ပြည့်ပြည့်စုံစုံ ဖြေကြားလိုက်၏။ “ကျေးဇူးပဲ တာမူရ။ မင်းရဲ့ အဖြေမှန်ပါတယ်။ ဝန်ကြီးချုပ် အိုဘုချိ တွေးထင်သလို ဟောဒီ ယန်း ၂၀၀၀ တန်ကို ဂျပန်မှာ လူတွေ သိပ်မသုံးကြဘူး။

ဒါပေမဲ့ ယန်း ၂၀၀၀ တန် ငွေစက္ကူ ထုတ်ဝေတဲ့အတွက်

တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ငွေကြေးလည်ပတ်မှုအပေါ် သိသာတဲ့ ထိခိုက်နစ်နာမှု ဘာမှ မရှိခဲ့ဘူး” ဟု ပါမောက္ခ အိုနိုက ရှင်းပြ၏။ “ပြီးတော့ မင်းတို့ သတိပြုသင့်တာက ဟောဒီ ယန်း ၂၀၀၀ တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့တဲ့ အချိန်ကာလပဲဟေ့” ဟု ဆရာကြီး၏

စကားအဆုံးတွင် “သိပြီဆရာ၊ သက္ကရာဇ် ၂၀၀၀ မှာ ယန်း ၂၀၀၀ တန် ထုတ်ဝေတာ မဟုတ်လား” ဟု ကျောင်းသားတစ်ယောက်က ဝင်ပြောလိုက်သည်။ “သိပ်ဟုတ်တာပေါ့ကွာ၊ ရာစုနှစ် အသစ်ပြောင်းတော့မယ့် သက္ကရာဇ် ၂၀၀၀ မှာ တစ်ကမ္ဘာလုံး စိတ်အားထက်သန်နေတဲ့အချိန်၊ အိုကီနာဝါကျွန်းမှာ ကျင်းပမယ့် G-8 ဖွံ့ဖြိုးတိုးတက်သော

ရှစ်နိုင်ငံအုပ်စုရဲ့ ထိပ်သီးအစည်းအဝေးနဲ့ တိုက်ဆိုင် ထုတ်ဝေလိုက်တာမို့ ငါတို့နိုင်ငံသမိုင်းမှာတော့ မှတ်တိုင်ကြီးတစ်ခုပါပဲ” ဟု ပါမောက္ခကြီးက ပြောပြပါသည်။ “ဒီနေ့ ပြောမယ့်အကြောင်းအရာနဲ့ မင်းတို့တွေ ဆက်စပ်စဉ်းစားနိုင်အောင် ယန်း ၂၀၀၀ ငွေစက္ကူအကြောင်း နိဒါန်းပျိုးတာပါ၊ ကဲ… ဟောဒီငွေစက္ကူတွေကိုရော

မင်းတို့ သိကြသလား” ဟု ဆရာကြီးက ပရိုဂျက်တာပေါ်တွင် ပုံများ ထိုးပြလိုက်၏။ အတန်းတစ်ခုလုံး အပ်ကျသံမကြားအောင် တိတ်ဆိတ်သွားတော့သည်။ မိနစ်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ တာမူရက “အဲဒါတွေဟာ တကယ် ငွေစက္ကူအစစ်တွေ ဟုတ်ရဲ့လားဆရာကြီး” ဟု မဝံ့မရဲ မေးလေ၏။

ပရိုဂျက်တာ ပိတ်ကားပေါ်ဝယ် ၁၅ ကျပ်၊ ၃၅ ကျပ်၊ ၄၅ ကျပ်၊ ၇၅ ကျပ်၊ ၉၀ ကျပ် စသောငွေစက္ကူများကို ဂျပန်ကျောင်းသားများ တစ်သက်မှာ တစ်ခါမျှ မမြင်မတွေ့ဖူးကြပါ။ မိုနိုပိုလီကဲ့သို့ ဂိမ်းများကစားသည့် ငွေတွေလားဟု တွေးကြသည်။ “တကယ့် ငွေစက္ကူအစစ်တွေပေါ့။

မယုံရင် ဟောဒီမှာ မင်းတို့လက်နဲ့ ကိုယ်တိုင် ကိုင်ကြည့်ကြ” ဟု ဆရာကြီး အိုနိုက ပြောရင်း သူ့လက်ဆွဲအိတ်ထဲမှာ တယုတယ ထည့်လာသော ငွေစက္ကူများကို ထုတ်ပေးလေ၏။ ကျောင်းသူကျောင်းသားများမှာလည်း ငွေစက္ကူများကို လက်ဆင့်ကမ်း ကိုင်ကြည့်ရင်း “ဟွန်တိုဒါ (တကယ်ကြီးဟ)” ဟု အချင်းချင်းတအံ့တဩပြောကြသည်။ “အေး… အဲဒီငွေစက္ကူတွေဟာ လူဦးရေ သန်း ၃၀ ကျော် သုံးစွဲခဲ့ရတဲ့ တကယ့်အစစ်တွေ၊။ အခု မီယမ်မာ (မြန်မာ) လို့ မင်းတို့ သိကြတဲ့ အရှေ့တောင်အာရှ နိုင်ငံဟာ အဲဒီအချိန်တုန်းက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံဆိုတာပဲ။ ဘိရုမာနော့ တာတဲဂိုတို (မြန်မာ့စောင်း) ရုပ်ရှင်ထဲက ဘိရုမာဆိုတဲ့

တိုင်းပြည်ပေါ့။” “အဲဒီအချိန်မှာ ဆိုရှယ်လစ်အစိုးရရဲ့ ခေါင်းဆောင်က အာဏာရှင်ကြီး ဦးနေဝင်းတဲ့။ စစ်ကြီးမတိုင်ခင် ငါတို့ ဂျပန်ပြည်မှာ စစ်ပညာလာသင်သွားတဲ့ မြန်မာလူငယ်အဖွဲ့ထဲမှာ သူလည်း ပါဝင်ခဲ့တယ်။ သူဗိုလ်ချုပ်ကြီး ဖြစ်တဲ့အခါမြန်မာပြည်ကို အာဏာသိမ်းပြီး အုပ်ချုပ်ရင်း သူထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေပဲ” ဟု ပါမောက္ခ အိုနိုက ပြောပြသည်။ ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုမှ ဘွဲ့လွန်ကျောင်းသားများသည်လည်း ခေသူမဟုတ်ပါ။ သူတို့ ပါမောက္ခ ပြောချင်သည့် ပြဿနာ၏ ဆိုလိုရင်းကို တွေးမြင်ကြည့်နိုင်ကြပါသည်။ “နိုင်ငံတော်အစိုးရက

ငွေစက္ကူတွေ ထုတ်ဝေတဲ့အခါ ပြည်သူတွေ တွက်ချက် သုံးစွဲရလွယ်ကူအောင် သတ်မှတ်ရပါတယ်။ မြန်မာငွေစက္ကူတွေရဲ့ ငွေကြေးသတ်မှတ်ချက်ဟာ (အလွန်ပဲ) ထူးဆန်းနေပါတယ်။ ဆရာကြီးပြောချင်တာ ဒီအချက်ပဲလို့ ထင်ပါတယ်” ဟု ကျောင်းသားတစ်ယောက် ပြောသည်ကို အားလုံးဝိုင်း၍ ထောက်ခံကြ၏။ ပါမောက္ခကြီး

အိုနိုက ပြုံးလိုက်သည်။ “နိုင်ငံတစ်ခု၊ စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုကို စီမံခန့်ခွဲရာမှာ မင်းတို့ သင်ကြားခဲ့သမျှ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လုံးဝမဆိုင်တဲ့ အုပ်ချုပ်ရေးနည်းလမ်းကို ဆရာပြောပြမယ်၊ သေသေချာချာ နားထောင်ကြပေတော့” ဟု ဆရာကြီးက နိဒါန်းပျိုးလိုက်သည်။ “အဲဒါကတော့ မြန်မာလူမျိုးအတော်များများ

ယုံကြည်ကြတဲ့ ‘ယတြာ’ ဆိုတာပဲ ဖြစ်ပါတယ်။ ယတြာရဲ့သဘောကို အတိုချုပ်ပြောရရင် နက္ခတ်တာရာ ဂြိုဟ်အသွားအလာတွေကို ကြည့်ပြီး ကိုယ်ဖြစ်စေချင်တဲ့ အကောင်းအဆိုးကို အဆောင်လက်ဖွဲ့တွေနဲ့ စီမံကြတဲ့ ရိုးရာယုံကြည်မှုပဲ။

ဥပမာဆိုရင်၊ တို့ဂျပန်တွေရဲ့ ‘တဲရူတဲရုဘိုဇို’ လိုပေါ့။” (ဂျပန်နိုင်ငံတွင် နေ့တိုင်းမိုးရွာနေလျှင် မိုးစဲ၍ နေသာအောင် တဲရုတဲရု ဘိုဇို ခေါ် အဝတ်ရုပ်လေး လုပ်၍ ချိတ်ဆွဲသော ဂျပန်ရှေးရိုးအယူရှိသည်။ အဆောင်လက်ဖွဲ့၊ ယတြာ သဘောမျိုးပင် ဖြစ်ပါသည်။) “မြန်မာအာဏာရှင် ဗိုလ်ချုပ်ကြီးကတော့ တရားလွန်အယူသည်းပါတယ်။

၁၉၈၆ ခုနှစ်မှာ သူအသက် ၇၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ တစ်ခါမှ မရှိဖူးသေးတဲ့ ၇၅ ကျပ်တန်ကို ထုတ်ဝေလိုက်တယ်။ သူက ၉ ဂဏန်းကိုလည်း အလွန်နှစ်သက်လေတော့ နောက်ထပ် ၉၀ ကျပ်တန်၊ ၄၅ ကျပ်တန်တွေလည်း ထုတ်ဝေတယ်။” ဟု ပါမောက္ခ အိုနိုက ဆက်လက် ရှင်းပြသည်။ ကျောင်းသားများက

ပြန်လှန်မေးခွန်းထုတ်ကြသည်။ “ဒါဖြင့် ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေကရော ဆရာကြီး” ဟု မေးကြရာ “သူက ၅ ဂဏန်းနဲ့ အဆုံးသတ်တာလည်း ကြိုက်သတဲ့။ ပြီးတော့ သူ့ဗေဒင်ဆရာတွေ အကြံပေးတဲ့ ဂဏန်းတွေကို ရွေးတာလို့ သိရတယ်” ဟူသော ဆရာကြီး၏ အဖြေကြောင့် ဂျပန်ကျောင်းသားများ

ဆက်၍ စဉ်းစားကြံဆကြ၏။ “အဲဒီလို ထူးဆန်းတဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘယ်လို ထူးခြားကောင်းမွန်လာပါသလဲ” ဟု စိတ်ဝင်တစားမေးကြသည်။ “အို… တိုင်းသူပြည်သားတွေ သိပ်ဒုက္ခ ရောက်ခဲ့ကြတာပေါ့။ တွက်ချက်ရတာ ခက်ခဲလို့ အမှားအယွင်းတွေ ဖြစ်ကြတယ်။

စဉ်းစားကြည့်လေ၊ ၁၀၀ တန် ၁၇ ရွက်ဆိုရင် ၁၇၀၀ လို့ ချက်ချင်းသိပေမဲ့ ၇၅ ကျပ်တန် ၁၇ ရွက်ကို တွက်ရတာ မခက်ဘူးလား” ဟု ဆရာကြီး၏စကားကို အားလုံးခေါင်းညိတ် ထောက်ခံကြ၏။ “ပိုဆိုးတာက တိုင်းပြည်မှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးပမာဏထက် အဆမတန်များပြားတဲ့ ငွေစက္ကူသစ်တွေကို မစဉ်းမစား ရိုက်နှိပ်ထုတ်ဝေလိုက်တော့

ငွေဖောင်းပွမှု အလွန်များပြားလာခဲ့တယ်။

ကုန်ဈေးနှုန်းတွေ ကြောက်ခမန်းလိလိ တက်လာတယ်။ ပြည်သူလူထုဟာ မကြုံစဖူး စားဝတ်နေရေး ခက်ခဲလာပြီး တစ်ပြည်လုံး မကျေမနပ် ပေါက်ကွဲလုဆဲဆဲ ဖြစ်လာတော့ တာပဲ။ ဒီလို အခြေအနေကို ကုစားဖို့အတွက် အာဏာရှင် နေဝင်းဟာ နည်လမ်းတစ်မျိုး ထုတ်သုံးလိုက်ပြန်တယ်။

ဘယ်လို လုပ်မယ်ထင်သလဲ” ဟု ဆရာကြီးက မေးခွန်းထုတ်လိုက်၏။ ကျောင်းသားများက သူတို့ သင်ယူခဲ့သမျှ ဘဏ္ဍာရေးနည်းလမ်းများကို ဖြေကြသည်။ ပါမောက္ခကြီး အိုနိုက ပြုံးလိုက်ပြီး “တစ်ခုမှ မဟုတ်ဘူး” ဟု တုံးတိတိ ဖြေလိုက်၏။ “၁၉၈၇ ခုနှစ်မှာ အဲဒီ ငွေစက္ကူတွေကို တရားမဝင် ကြေညာပြီး ဖျက်သိမ်းလိုက်တာပဲ” ဟူသော

အဖြေကြောင့် အားလုံး ဟာကနဲ အံ့ဩသွားတော့၏။ “ပြည်သူတွေလက်ထဲက ငွေကြေးတွေဟာ နေ့ချင်းညချင်း စက္ကူစုတ်လို တန်ဖိုးလုံးဝ မရှိတော့ဘူး။ အဲဒီကစပြီး လူထုမကျေနပ်မှုတွေ ကြီးထွားလာပြီး ၁၉၈၈ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး အုံကြွတော်လှန်တဲ့

လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။စစ်တပ်ကအာဏာသိမ်းပြီးအာဏာရှင်နေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားတာပဲ” ဟု ဆရာကြီး၏ ပြောကြားချက်ကြောင့် ကျောင်းသားများ တွေဝေသွား၏။ မြန်မာလူမျိုးများ ယုံကြည်သော ဗေဒင်ယတြာသည် တိုင်းပြည်ကို ကောင်းကျိုးမပေးသည့်အပြင် ခေါင်းဆောင်ကြီးနှင့်

သူ့အစိုးရပင် ပြုတ်ကျသွားသည် မဟုတ်လား။ ပါမောက္ခကြီး အိုနိုက ကျောင်းသားများကို စေ့စေ့ကြည့်ပြီး ယခုမှ အရေးကြီးသောမေးခွန်းကို မေးမည်ဟု ဆိုလိုက်၏။ တိုင်းပြည်ဆူပူအုံကြွပြီး ၂၆ နှစ်သက်တမ်းရှိ အစိုးရပြုတ်ကျသွားရသော အကြောင်းကို မေးခွန်းထုတ်လိုက်သည်။ကျောင်းသားအားလုံး၏ အဖြေကို ခြုံလိုက်လျှင်

အခြား နိုင်ငံရေး၊ စီးပွားရေးအပြင် လက်တွေ့သုံးစွဲရခက်ခဲပြီး အဓိပ္ပာယ်မရှိသော ငွေစက္ကူများကို ထုတ်ဝေခြင်းကြောင့်ဟု ထင်မြင်ယူဆကြ၏။“အေး… မင်းတို့ရဲ့ အဖြေက မှန်သလိုလိုပေမဲ့ တကယ့်အကြောင်းရင်း မဟုတ်သေးဘူး။ တကယ်တော့

အဲဒီလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို တားဆီး ထိန်းကျောင်းနိုင်တဲ့ စနစ်မရှိလို့ပဲ” ဟု ဆရာကြီးက ဖြေကြားရင်း ကျောင်းသားတစ်ယောက်ကို လက်ညှိုးထိုးကာ “တာနာကာ၊ မင်းသာ ဘဏ္ဍာရေးဝန်ကြီးဆိုရင် ဝန်ကြီးချုပ်က သူ့မွေးသက္ကရာဇ်အထိမ်းအမှတ် ယန်း ၁၉၆၀ တန် ငွေစက္ကူထုတ်ဖို့ အမိန့်ပေးတဲ့အခါ မင်းဘာလုပ်မလဲ” ဟု မေးလိုက်၏။ တာနာကာကလည်း “မလုပ်နိုင်ဘူးလို့ ငြင်းမှာပေါ့” ဟု မဆိုင်းမတွ

ပြန်ဖြေသည်။ “မရဘူး၊ လုပ်ကိုလုပ်ရမယ်လို့ အတင်းခိုင်းရင်ကော” ဟု ဆရာကြီးက ဆက်မေးရာ “ရာထူးကနုတ်ထွက်မယ်၊ ဒီလို ရူးကြောင်ကြောင် အဓိပ္ပာယ် မရှိတာကို လုပ်မယ့်အစား ဟာရာကီရိ (ကိုယ့်ဝမ်းဗိုက်ကို ဓားနှင့်ခွဲ၍ သတ်သေခြင်း)

သာ လုပ်လိုက်ပါမယ်ဆရာ” ဟု တာနာကာက ပြတ်သားစွာ ဖြေ၏။ “အေး…အဲဒါပဲ။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ခေတ်မီနိုင်ငံတွေမှာ သမ္မတ၊ ဝန်ကြီးချုပ်က လုပ်ချင်တိုင်း လျှောက်လုပ်လို့မရအောင် အဆင့်ဆင့် ထိန်းကြပ်ထားတယ်။သမ္မတ၊ ဝန်ကြီးချုပ်က အမိန့်နဲ့ ခိုင်းရင်လည်း တာနာကာလို ဂုဏ်သိက္ခာရှိတဲ့ ဝန်ကြီးက ငြင်းမှာပဲ။ ဘဏ္ဍာရေး ဝန်ကြီးက

ခေါင်းညိတ်ရင်တောင် ကက်ဘိနက် ဝန်ကြီးအဖွဲ့က ဒီလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကို ဝိုင်းကန့်ကွက် ကြမှာပေါ့။”“ဝန်ကြီးအဖွဲ့က သဘောတူရင်လည်း ဒီကိစ္စကို ပြည်သူ့လွှတ်တော် တင်ပြဆုံးဖြတ်ရမယ်လေ။ ဒါမျိုး ရူးကြောင်ကြောင် ငွေစက္ကူထုတ်ဝေမယ့်အဆိုကို အတိုက်အခံပါတီသာမကဘူး၊ ကိုယ့်ပါတီက အမတ်တွေတောင်

အပြင်းအထန်ကန့်ကွက်ကြလိမ့်မယ်။အတိုက်အခံဘက်က အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်လို့ မဲခွဲတာ နိုင်သွားရင် အစိုးရသာ ပြုတ်ကျသွားမယ်၊ အဲဒီလို ရူးကြောင်ကြောင် ငွေစက္ကူတော့ ဘယ်သောအခါမှ ထွက်လာမှာ မဟုတ်ဘူး” ဟု ပါမောက္ခကြီး အိုနိုက ရှည်ရှည်လျားလျား ရှင်းပြလိုက်၏။“မင်းတို့တွေ တစ်နေ့မှာ

အစိုးရခေါင်းဆောင်၊ ကုမ္ပဏီ စီအီးအို၊ ကော်ပိုရေးရှင်းဥက္ကဋ္ဌစတဲ့ ရာထူးကြီးတွေတာဝန်ယူရတဲ့အခါ အဲဒါကို ကြပ်ကြပ်သတိထားပါ။အဆင့်ဆင့် ထိန်းကြပ်ထားတာတွေကိုကျော်ပြီး စည်းကမ်းဖောက်ရင်ဒုက္ခရောက်လိမ့်မယ်။ငါအာဏာအရှိဆုံးဆိုပြီး ထင်ရာလုပ်လို့ တိုင်းပြည်ပျက်မတတ်ဖြစ်ရတာမြန်မာပြည်ကိုကြည့်ပေတော့၊

စနစ်သာအရေးအကြီးဆုံး”ဟု ပါမောက္ခကြီး အိုနိုက နိဂုံးချုပ်လိုက်ပါတော့သည်။(ဝတ္ထုတို အစမ်းရေးကြည့်တာမို့ အားမနာတမ်း ဝေဖန်အကြံပေးကြပါခင်ဗျာ။ ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ အားလုံးကို အလေးအနက် စဉ်းစားပါမယ်။ ဆုံးအောင် ဖတ်ပေးလို့ ကျေးဇူးပါ။) ဆိုပြီး ပြောပြထားချက်အား ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Add a Comment

Your email address will not be published.