အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ထိန်းချုပ်လို့ကို မရတော့ဘူးလို့ ဗိုလ်နဂါးပြောကြား

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ထိန်းချုပ်လို့ကို မရတော့ဘူးလို့ ဗိုလ်နဂါးပြောကြား
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းမှာ ထိန်းချုပ်လို့ကို မရတော့ဘူးလို့ မြန်မာတော်ဝင်နဂါးတပ် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောကြားလိုက်ပါတယ်။
“စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းကို တော်တော်ခက်ခက်ခဲခဲရင်ဆိုင်နေရတယ်ဗျ။ စစ်ကိုင်းတိုင်း ကို သူတို့ ထိန်းချုပ်ဖို့ခက်ခဲတာမျိုးကို မဟုတ်တော့ဘူး။ ထိန်းချုပ်လို့ကို မရတော့တာ။” လို့ ဗိုလ်နဂါးက မြန်မာနောင်းနဲ့ တွေ့ဆုံမေးမြန်းခန်း မှာ ပြောကြားလိုက်တာပါ။


စစ်ကိုင်းတိုင်းအတွင်းက တောင်ပေါ်ဒေသတွေလိုမဟုတ်ဘဲ မြေပြန့်လွင်ပြင်ဖြစ်နေတဲ့အတွက်ကြောင့် တချို့ကျေးရွာတွေက တိုက် ပွဲဖော်ဆောင်ဖို့ တွန့်ဆုတ်တာမျိုးရှိနေတယ်လို့လည်း မှတ်ချက်ပြုပြောထားပါတယ်။ ဒါပေမယ့်လည်း ဒါဟာတိုက်ပွဲမဖော်ဆောင် သေးလို့သာဖြစ်ပြီးတော့ တိုက်ပွဲစလိုက်ရင် ဒီအခက်အခဲတွေကို ကျော်လွှားပြီးသားဖြစ်မယ်လို့ ဆိုပါတယ်။
ဗိုလ်နဂါးက “နေလို့မှ မထူးတော့တဲ့ဘဝမှာ သေလဲမထူးတော့ဘူးဆိုပြီးတော့ တိုက်ကျတယ်။ အောင်လဲအောင်မြင်တယ်။ အဲဒီမြေပြန့်မှာကိုပဲ စစ်ရေးအရေအချင်းမြင့်မားပါတယ်ဆိုတဲ့ စစ်ကောင်စီက လေယာဉ်တွေနဲ့ ကူပြီးတော့ တိုက်ခိုက်ရတဲ့ အနေအထားထိဖြစ်လာတယ်။ ဒီစစ်ကိုင်းတိုင်းမှာ အဲ လို ဝင့်ဝင့်စားစား ဟိုတုန်းကလို မလာရဲတော့ဘူး။ လာရင်လည်း နောက်က လေကြောင်းအကူတွေနဲ့။ နောက်က စစ်ယာဉ်တန်း လေးငါးဆယ်လောက်နဲ့ ။ အဆမတန်များပြားတဲ့ အင်အားတွေနဲ့ တရွာနဲ့ တရွာရွှေ့ဖို့ တနေ့လောက် တရက်လောက် အချိန်ယူပြီးကာမှ သွားရ လာရ လှုပ်ရှားရတဲ့ အနေအထားတွေဖြစ်သွားတယ်။” လို့ ပြောပါတယ်။
မြေပြင်အခြေအနေမှာ မြန်မာတော်ဝင်နဂါးတပ်အပါအဝင် ပြည်သူ့ကာ ကွယ်ရေးတပ်တွေဘက်က အားကောင်းလွန်းတဲ့အတွက် နာရီအပိုင်းအခြားနဲ့သွားလို့ရတဲ့ ခရီးတွေကို အကြမ်းဖက်စစ်တပ်က ၁၀ ရက်လောက်အထိကို အချိန်ယူပြီးမှသာ ဖြတ်သန်းသွားလို့ ရတဲ့ အနေအထားတွေ ဖြစ်လာတယ်လို့လည်း သုံးသပ်ပြပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ အောက်ခြေတပ်သားတွေအကြားမှာ စိတ်ဓာတ်ပျက်ဆီးတာတွေ၊ ကြောက်လန့်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လေကြောင်းနဲ့ တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်ကို တိုက်ခိုက်ဖို့အတွက် လေကြောင်းပစ်လက်နက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ အကူအညီကိုရယူပြီး လုပ်ဆောင်ဖို့ရှိသလို ငွေကြေးတက်နိုင်တဲ့ သူဌေးတွေဆီကလည်း အလှူငွေ တွေ့ ထည့်ဝင်ဖို့ လိုတယ်ဆိုပြီး ဗိုလ်နဂါးက ပြောကြားထားတာ တွေ့ရပါတယ်။

Add a Comment

Your email address will not be published.