fbpx

NUG အစိုးရကို တရားဝင်ဖြစ်စေရေး NDAA ကို သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုး အတည်ပြု

အမေရိကန် အမျိုးသားရေး ကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ NDAA ကို သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုး အတည်ပြု၊ NUG ကို တရားဝင်ဖြစ်စေရေး အမေရိကန်ဆောင်ရွက်ချက် လွှတ်တော်သို့ အစီရင်ခံရမည်ဆိုသော ပြဋ္ဌာန်းချက်ပါဝင်
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
လာမည့် ၂၀၂၂ ခုနှစ်အတွက် ဒေါ်လာ ဘီလီယံ ၇၇၀ ဘတ်ဂျက် အသုံးပြုမည့် အမေရိကန် အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ NDAA ကို သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပြီး အဆိုပါ NDAA ဥပဒေတွင် NUG အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် ဖြစ်စေရေးအမေရိကန်အစိုးရ ၏ လုပ်ဆောင်ချက်ကို လွှတ်တော်သို့ အစီရင်ခံရမည့် ပြဋ္ဌာန်းချက်ပါဝင်ကြောင်း သိရှိရသည်။
သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၂၇ ရက်နေ့ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက်နေ့)တွင် အဆိုပါ NDAA ဘတ်ဂျက်ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ရာ ဥပဒေမှာ တရားဝင် အသက်ဝင်လာပြီဖြစ်သည်။
NDAA ဥပဒေတွင် NUG အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင်မှုကို အမေရိ ကန်အစိုးရက မြှင့်တင်ပေးရန်၊ CDM နှင့် ဒီမိုကရေစီကိုမြှင့် တင်ပေးသောအဖွဲ့အစည်းများကို ကူညီထောက်ပံ့ရန်၊ မြန်မာစစ်ကောင်စီ၏ တရားဝင်မှု ငြင်း ပယ်ပြီး အရင်း အမြစ်များ မရရှိစေရေး ပိတ်ဆို့ အရေးယူရန် တို့ကို တရားဝင်ပြဋ္ဌာန်းထား သည်။


NDAA ဥပဒေကို ပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံနှင့်ပတ် သက် ၍ ဆောင်ရွက်ချက်များကို အမေရိကန်အစိုးရက အမေရိကန်လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်ဆိုသော ပြဋ္ဌာန်းချက်ပါဝင်ကြောင်း သိရှိရသည်။
အမေရိကန်အစိုးရက လွှတ်တော်သို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်ချက် အစီရင်ခံတင်ပြသည့်အခါ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရမူဝါဒ၊ လုံခြုံရေးရည်ရွယ်ချက်တွေကိုထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်‌များကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ၏ လက်ရှိထောက်ပံ့ပေးနေသည်များကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ တရုတ်၊ ရုရှားတို့၏ မြန်မာနှင့်ပတ်သက်သည့်မဟာဗျူ ဟာအကျိုးစီးပွားကို ထည့်သွင်းဖော်ပြရမည်ဟု ပြဌာန်း ထားကြောင်း သိရှိရသည်။
“အမေရိကန်အစိုးရလုပ်နေတာတွေက NUG ကို ဘယ်လိုထောက်ပံ့မှုတွေ ပေးပြီး NUG ကို ဘယ်လိုတရားဝင်ဖြစ်အောင် လုပ်ပေးနေ လဲဆိုတာကို ထည့်သွင်းဖော်ပြရမယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ တရားဝင်မှု မရအောင် ဘယ်လိုလုပ်နေလဲဆိုတာကိုလည်း ထည့်သွင်းဖော်ပြရမယ်လို့ ထည့်သွင်းပြဌာန်းထားတာပါပဲ” ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးရဲမျိုးဟိန်းက ၎င်း၏ လူမှုကွန်ရက်တွင် ယင်း NDAA ဥပဒေကြမ်းအဆင့် အတည်မပြုသေးခင် ဒီဇင် ဘာလ ၁၈ ရက်နေ့တွင် သုံးသပ် ရေးသားခဲ့သည်။
NDAA ဥပဒေတွင် ကမ္ဘာ့ရေးရာများနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံလုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲမည်ဖြစ်ပြီး ဒေါ်လာ ၄ ဘီလီယံ ဥရောပဒေသ ကာကွယ်ရေးဆိုင်ရာအတွက် အသုံးပြုမည်ဖြစ်ကြောင်း ၊ ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာများအတွက်‌ ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရှိရသည်။ crd Khit Thit Media

Add a Comment

Your email address will not be published. Required fields are marked *