fbpx

ကျသောင်းဆိပ်စခန်းမှ ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို လက်နက်နှင့်အတူပြန်ပို့လို့ ဝေဖန်မှုရှိနေ

Salween Press
ဒီဇင်ဘာလ ၁၈ ရက်နေ့ ၊ ၂၀၂၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်စခန်းသိမ်းအပြီး ဖမ်းဆီးရမိတဲ့ BGF တပ်ဖွဲ့ဝင် ၃၀ ဦးကို KNLA ဘက်မှ စစ်ကောင်စီနှင့် BGF တို့ရဲ့လေးကေစခန်းကို လက်နက်နှင့်အတူပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ KNLA တပ်မဟာ ၁ မှ တပ်မှူးတစ်ဦးကပြောပါတယ်။

အညံ့ခံအဖမ်းခံလိုက်တဲ့ BGF ၁၀၁၃ စခန်းမှူးဗိုလ်ကတုံးအပါအဝင် BGF တပ်ဖွဲ့ဝင် ၃၀ ဦးကို ပြန်ပို့ပေးလိုက်လို့ ဒေသခံတချို့နှင့် KNLA တပ်ဖွဲ့ဝင်တချို့လည်း သဘောမကျဘူးလို့ သိရပါတယ်။

“တကယ်လို့ပြန်လွတ်လိုက်ရင်တောင်မှ လက်နက်ပြန်ပေးစရာအကြောင်းမရှိဘူး။ ဒီလိုလုပ်တော့ ဝေဖန်မှုတွေဖြစ်တာပေါ့” ဟု တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“စစ်တိုက်ပြီးအသက်ရှင်သူတွေလက်နက်နဲ့တကွရန်သူ့လက်ထဲပြန်ပို့လိုက်တာက တကယ်မလုပ်သင့်ဘူး။ ခလေးကစားရာလည်းမဟုတ်သလို ဒီလိုလည်းမလုပ်သင့်ဘူး။ ဒီလိုလုပ်လိုက်တဲ့အပေါ်မိခင်တွေအနေနဲ့ ကိုယ့်သားတွေကို စစ်ထဲထည့်ဖို့အတော်စဉ်းစားရတော့မယ်။ သားတွေကို စစ်ထဲထည့်ချင်ကြတော့မှာလည်းမဟုတ်ဘူး” လို့ KNLA တပ်ဖွဲ့မှာ သားဖြစ်သူ တာဝန်ထမ်းဆောင်နေတဲ့ မိခင်တစ်ဦးကပြောပါတယ်။

ဒေသခံပြည်သူတချို့ကိုမေးမြန်းရာမှာတော့ ဒီလုပ်ရပ်ဟာ KNLA တပ်မဟာ ၁ ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ သုံးသပ်ကြပါတယ်။ ညှိနှိုင်းပြီးပြန်လွှတ်သည်ဖြစ်ပါစေ လက်နက်နှင့်အတူစစ်သုံ့ပန်းတွေကို ပြန်မပို့သင့်ဘူးလို့ သူတို့အမြင်ကိုပြောပါတယ်။

စိတ်ထဲမကောင်းပေမဲ့ တပ်မဟာကလူကြီးတွေစီစဉ်တာဖြစ်တဲ့အတွက် ဘာမှပြောပိုင်ခွင့်မရှိဘူးလို့ တပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောပါတယ်။ အဲ့ဒီတိုက်ပွဲမှာ KNLA တပ်သားတစ်ဦးကျဆုံးခဲ့တယ်လို့ ခံပြင်းတယ်လို့ သူကပြောပါတယ်။

ယမန်နေ့ ကျသောင်းဆိပ်စခန်းသိမ်းတိုက်ပွဲမှာ BGF အမှတ် ၁၀၁၃ စခန်းမှူးဗိုလ်ကတုံးအပါဝင် စစ်သုံ့ပန်း ၃၀ ဦးကို အရပ်သားကားဖြင့်လက်နက်နှင့်အတူပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ KNLA တပ်မဟာ ၁ နယ်မြေခံသတင်းပေးပို့ချက်အရသိရပါတယ်။

KNLA တပ်မဟာ ၁ ကိုတော့ BGF တပ်ဖွဲ့က သေနတ်တိုတစ်လက်၊ ဆဲဗင်း 7 တစ်လက်နှင့် M 16 တစ်လက် စုစုပေါင်း လက်နက် ၃ လက်ပေးအပ်ခဲ့တယ်လို့ တပ်မဟာ ၁ မှ တပ်သားတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ – ကျသောင်းဆိပ်တိုက်ပွဲအပြီးမှာတွေ့ရသည့် BGF အမှတ် ၁၀၁၃ လည်စည်းပုဝါ။ (Photos: Supplied)

Add a Comment

Your email address will not be published. Required fields are marked *