Mask တပ်သွားသော လူငယ်တချို့ကို စစ်တပ်က ပါးရိုက်ခြင်းနှင့်ထိုင်ထ လုပ်ခိုင်းခြင်းများ ကြုံတွေ့ရကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ လူငယ်တစ်ဦးက ပြော
|ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က Mask တပ်သွားသော လူငယ်တချို့ကို စစ်တပ်က ပါးရိုက်ခြင်းနှင့်ထိုင်ထ လုပ်ခိုင်းခြင်းများ ကြုံတွေ့ရကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ လူငယ်တစ်ဦးက ပြောသည်။
“ညနေ ပိုင်း ပဒုမ္မာဇတ်ရုံရှေ့နား၊ Spirit အကျော်နားမှာ Mask တပ်ထားလို့ဆိုပြီး အရပ်ဝတ်နဲ့ ၇ ဦးက ပါးရိုက်တယ်။ အိမ်စီးကားပေါ်က စစ်ယူနီဖောင်းနဲ့ တစ်ဦးက ထိုင်ထ အခါ တစ်ရာ လုပ်ခိုင်းလိုက်၊ ပါးမရိုက်နဲ့ ပြောတော့ ထိုင်ထလုပ်ခဲ့ရတယ်။ ပါးရိုက်လည်းအရိုက်ခံရ ၊ ထိုင်ထလည်း လုပ်ရတယ်။ သူတို့ရှေ့ရောက်ရင် Mask ချွတ်ရမယ်။ နောက်တစ်ခါ ပစ်သတ်မယ်ပြောသွားတယ်။ ဖုန်းတွေလည်း ယူစစ်တယ်။ ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ မေးတယ်” အဆိုပါ လူငယ်က ပြောသည်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်လည်း Mask တပ်ခြင်းမပြုကြရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လော်စပီကာနှင့် လိုက်လံ သတိပေးမှုများ နိုဝင်ဘာလ ၂၂ ရက်နေ့က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းကလည်း စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းနှင့်ကျွန်းတောလမ်းထိပ်တွင် Mask တပ်သူ တချို့ ပါးရိုက်ခံခဲ့ရသည်ဟု သိရှိရသည်။
ရန်ကုန်၊ နေပြည်တော် အမြန်လမ်းတွင် Mask အမည် တပ်ဆင်သူတချို့ကို စစ်ဆေးရေးလုပ်နေသော စစ်သားတချို့က ထိုးကြိတ်မှုများ ယမန်နေ့ ညနေပိုင်းက ရှိခဲ့ကြောင်း ရန်ကုန်-နေပြည်တော် သွားရောက်ခဲ့သူ ခရီးသည်တစ်ဦးက ပြောသည်။
“အမြန်လမ်းမှာက ဂိတ်မဟုတ်ဘဲ ရှောင်တခင်စစ်တာတွေလည်းရှိတယ်။ အမြန်လမ်း ဘုရားကြီးနားမရောက်ခင် ရဲနဲ့စစ်သားတွေ ကားတွေတားပြီးစစ်တယ်။ အဲဒီမှာ ကျနော်တို့ရှေ့နားက ကားက လူငယ်တချို့ မက်စ် အမည်းတပ်ထားတာ ဆွဲချွတ်ပြီး ၀ိုင်းထိုးတာ မြင်ရတယ်။ နောက်တော့ ကားကို လမ်းဘေးဆွဲချပြီး ဒူးထောက် ထိုင်ခိုင်းတယ်။ ဖုန်းတွေ စစ်နေတာလည်းတွေ့တယ်။ သူတို့စိတ်ကြိုက်စစ်ဆေးပြီးတော့ ပြန်လွှတ်တာ မြင်ခဲ့ရတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမထိပ်တွင်လည်း Mask တပ်သူများကို ငွေ ၁၅၀၀၀ တောင်းယူနေကြောင်း ရန်ကုန်ဒေသခံတစ်ဦးကပြောသည်။
“Mask တပ်ရင် ဒဏ်ငွေ ၁၅၀၀၀ တောင်းရတယ်။ သူတို့ စိတ်ပေါက်တဲ့ အချိန် ထ လုပ်တာ။ တချို့ Mask တပ်လည်း ဘာမှ မပြောဘူး စိတ်ပေါက် ထလုပ်ရော YBS နဲ့ High Way ကား ခရီး သည်တွေ အကုန် လမ်းဆင်းလျှောက်ရတယ်။ ဆိုင်ကယ်တွေဆို အဖိုးကြီး အဖွားကြီး ပါလည်း ဆင်းလျှောက်ရတယ်။ ဆင်းတွန်း ရတယ်။ ယာဥ်ထိန်းရဲတွေ ပိုက်ဆံ တောင်းချက်ကတော့ ပေါ်တင်ကို ကုန်ကား မှန်သမျှ အကုန်တောင်းတာ” ဟု မှော်ဘီ ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင်လည်း Mask တပ်သူများကို အရေးယူမည်ဟု အောက်ခြေ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးအဖွဲ့များက ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။
Credit