အထက်တန်းကျောင်အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမနှင့်ကျောင်းသားအပါအဝင် ၈ ဦး ဒဏ်ရာရ

ဖားကန့် မှော်စီစာအထက်တန်းကျောင်အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမနှင့်ကျောင်းသားအပါအဝင် ၈ ဦး ဒဏ်ရာရ
ဖားကန့် – နိုဝင်ဘာ ၂၆၊ ၂၀၂၁။
ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအနီးတွင် ယနေ့နံနက် ရှစ်နာရီခွဲခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာ/ဆရာမ ငါးဦး၊ ကျောင်းသား နှစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦး စုစုပေါင်း ရှစ်ဦး ထိခိုက်ဒဏ်ရာရရရှိခဲ့ကြောင်း သိရသည်။
ကျောင်းအုပ်ဆရာမကြီးမောင်းနှင်လာသည့် လိုက်ထရပ်ကားသည် ကျောင်းဝင်းအနီးတွင် ထောင်ထားသောမိုင်းအား နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အသံမိုင်းမဟုတ်ဘူး။ ကျောင်းကိုကွေ့အဝင် မြောင်းကြားကနေရာမှာထောင်ထားတဲ့မိုင်းကို ကျောင်းအုပ်ဆရာမကြီး မောင်းလာတဲ့ကားနောက်ဘီးနဲ့ နင်းမိတယ်ထင်တယ်။ ဘာလို့ဆိုကားနောက်ဘီးက ပွင့်သွားတာဖြစ်လို့။ အဲ့မှာ ကျောင်းအုပ် ဆရာမကြီးအပြင် ကားနောက်ခန်းမှာ ပါလာတဲ့ ကျောင်းဆရာ နှစ်ယောက်နဲ့ ကျောင်းဆရာမ နှစ်ယောက်ထိခိုက်တာပေါ့။ ပြီးတော့ အဲ့ဘေးနားက ကျောင်းလာနေတဲ့ ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသားမိဘတစ်ယောက်ကိုရောထိတယ်။ စုစုပေါင်း မိုင်းထိတာ ရှစ်ယောက်”ဟု ပြောသည်။
လက်ရှိတွင် ကျောင်းသား/ကျောင်းသူများအားလုံးကိုပြန်ခိုင်းနေပြီး ဒဏ်ရာရရှိသူများအား ဖားကန့်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူကပြောသည်။
အဆိုပါကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းဆရာ/မများနှင့် ကျောင်းသူ/သား စုစုပေါင်း ၂၀၀ ခန့်ရှိသည်ဖြစ်ပြီး ကျောင်းဖွင့်ထားသည်မှာ နှစ်လခန့်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော အဆိုပါကျောင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ပုံ/ ပြီးခဲ့သည့် ဇွန်လကလည်း အဆိုပါကျောင်းတွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးတွေ့ရှိခဲ့သည်။(Photo-CJ) Crd The 74 Media

Add a Comment

Your email address will not be published.