မန်ယူနဲ့ပွဲကို မနက်ဖြန် ကန်ရမယ်ဆိုရင်တောင် ကန်လိုက်ချင်ကြောင်း ဂွာဒီယိုလာ ပြော

မန်ချက်စတာဒါဘီကို မနက်ဖြန် ကစားရမယ်ဆိုရင်တောင် အနားမယူဘဲ ဆက်ကစားလိုက်ချင်ပါကြောင်း မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ် အိမ်ကွင်းမှာ ကလပ်ဘရုဂ်ကို 4–1 ရလဒ် ဖြင့် အနိုင် ကစားနိုင်ခဲ့တဲ့နောက် အုပ်စု A ရဲ့ အမှတ်ပေး ဇယားကို ဦးဆောင်လိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီး အသင်းအတွက် သွင်းဂိုးတွေကို ဖိုဒန်၊ မာရက်ဇ်၊ စတာလင်း နဲ့ ဂျီးဆပ်တို့က သွင်းယူခဲ့ပါတယ်။

ချန်ပီယံလိဂ် ပွဲပြီးတဲ့နောက် မန်စီးတီးဟာ မန်ချက်စတာ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲကို ပြန် အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အတွက် မန်စီးတီးက ယူနိုက်တက်ထက် နားရက် လျော့နေမှာဖြစ်ပေမယ့် ဂွာဒီယိုလာက စိတ်မပူပါဘူး။

” ကလပ် ဘရုဂ်နဲ့ ချန်ပီယံလိဂ်ပွဲဟာ ယူနိုက်တက်နဲ့ပွဲထက် ပိုအရေးကြီးတယ်လို့ လူတွေက ကျနော်ကို အတင်းကြီး ပြောစေချင်နေတယ်။ ဒါက မှန်ပါတယ်။ ဒါပေမယ့် အခုတော့ ယူနိုက်တက်ပွဲက အရေးကြီးဆုံး ဖြစ်သွားပါပြီ။

နားရက် နည်းပါးတာကို ကျနော်တော့ စိတ်မပူပါဘူး။ မနက်ဖြန်မှာ မန်ချက်စတာဒါဘီကို ကစားရမယ်ဆိုရင်တောင် ကစားလိုက်မှာပါ။ ပွဲစဉ်ဇယားက ပွဲစဉ်ဇယားပါပဲ။ အင်္ဂါနေ့မှာ ကစားပြီး သောကြာနေးမှာ ထပ်ကစားစေတာတောင် ရှိခဲ့ဖူးပါတယ်။ စနေနေ့ပွဲအတွက် အိုးလ်ထရတ်ဖိုဒ့်မှာ ကျနေ်ာတို့ ရှိနေမှာပါ ” လို့ ဂွာဒီယိုလာက ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ခံစစ်မှူး ရာဖေး ဗာရန်းဟာ အတ္တလန်တာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တလခန့် အနားယူရမှာဖြစ်ကာ မန်ချက်စတာဒါဘီကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Tags:

Add a Comment

Your email address will not be published.