ပုသိမ်မြို့တွင် စစ်အုပ်စုတပ်သားတွေက အသားမဲပြီး ရုပ်ကြမ်းသူတွေကို လိုက်ဖမ်းနေ
|ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အောက်တိုဘာလ ၃၁ ရက်နေ့က စတင်ကာ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်အုပ်စုတပ်သားတွေက လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေပြု လုပ်နေတယ်လို့ သိရပါတယ်။
ပိတ်ဆို့စစ်ဆေးတဲ့နေရာတွေမှာ ပြည်သူတွေက ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်တွေအုပ်လာရင် ချွတ်ပြခိုင်း ပြီး အသားမဲတဲ့သူတွေနဲ့ ရုပ်ကြမ်းတဲ့သူတွေကို ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ညနေပိုင်းတော့ ကြိုးတံတားဘက်ခြမ်းမှာ ပိတ်စစ်နေတယ် အဲ့မှာ မက်စ်ပါချွတ်ပြရတာ ရုပ်ကြမ်းရင်ဖမ်းတယ် ဆိုတာက မဲလွန်တာတို့ ဒဏ်ရာအခံရှိတာတို့ကို ပြောချင်တာပါ အဲ့လို လူမျိုးတွေကို ဖမ်းနေတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

နှာခါင်းစည်ချွတ်ပြလို့ အသားမဲတဲ့သူနဲ့ မျက်နှာနဲ့ လည်ပင်းတဝိုက်ဒဏ်ရာရှိတဲ့သူတွေကို ခေါ်ဆောင်ထား တာတွေ့ပြီး ပြန်လွှတ်ပေးတာရှိမရှိတော့ အသေချာမသိရဘူးလို့ ပြောပါတယ်။
အသားမဲပြီး ဒဏ်ရာရှိတဲ့သူတွေကို စစ်ဆေးရေးအဖွဲ့က ခေါ်ဆောင်ထားတာမှန်ပေမယ့် ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့် ဧရာဝတီတိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီက သူရဲ့ဩဇာခံဌာနဆိုင်ရာဝန်ထမ်းတွေကို တလ ငွေသိန်း ၄၈၀၀ ရှာပေးဖို့အတွက် ညွှန်ကြားထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – စစ်တပ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့ပေါ် စစ်ဆေးရေးပြုလုပ်နေမှုများအားတွေ့ရစဥ်