မိတ္ထီလာမြို့က တော်လှန်ရေးအတွက်ကြိုးပမ်းနေတဲ့လူငယ်လေး မိဘ၏ ရာသက်ပန်အမွေပြတ် စွန့်လွှတ်ခြင်းခံရ
|မိတ္ထီလာမြို့က တော်လှန်ရေးတပ်ဖွဲ့ဝင်လူငယ် မိဘ၏ ရာသက်ပန်အမွေပြတ် စွန့်လွှတ်ခြင်းခံရ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှ လွတ်မြောက်နယ်မြေသို့ သွားရောက်ကာ နွေဦးတော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေသော PDF အဖွဲ့ဝင် မောင်သန်းစိုးလှိုင်ကို မိဘက သားအဖြစ်မှ ရာသက်ပန် အမွေပြတ် စွန့်လွှတ်လိုက်ကြောင်း ၎င်း၏ မိတ်ဆွေက ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
“ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ တော်လှန်ရေးအတွက် သူပြတ်သားပါတယ်။ သူ့အိမ်ကို သူချစ်ပေမယ့် ဒီလမ်းလျှောက်ခဲ့ပြီမို့ ဆက်သွားဖို့ပဲ ရှိပါတယ် ” ဟု မောင်သန်းစိုးလှိုင်နှင့် ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။
မောင်သန်းစိုးလှိုင်၏ မိဘက “ သားမောင်သန်းစိုးလှိုင်သည် မိဘများ၏ ဆိုဆုံးမမှုကို မနာခံဘဲ အကြိမ်ကြိမ် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ပြုလုပ်၍ ၎င်းသဘောဆန္ဒအလျောက် နေအိမ်မှ ဆင်းသွားပါသောကြောင့် ယနေ့မှစ၍ ရာသက်ပန်သားအဖြစ်မှ စွန့်လွှတ်လိုက်ပါသည်။ ၎င်းနှင့် ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ” ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ကြေညာထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အစောပိုင်းကာလတွင် မိတ္ထီလာမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် မောင်သန်းစိုးလှိုင် ပါဝင်ခဲ့သည်။
ဒီမိုကရေစီတောင်းဆို ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်လာသည့် နောက်ပိုင်း ဧပြီလလယ်ခန့်တွင် ၎င်းသည်လွတ်မြောက်နယ်မြေတစ်ခုသို့ သွားရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေက ပြောပြသည်။
ရန်ကုန်၊ မန္တလေးနှင့် တခြားသော မြို့နယ်များက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်သား PDF လူငယ်တချို့လည်း မိဘများ၏ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်မှုကို ခံထားကြရသည်။
Credit op