စစ်ကောင်စီတပ်များက လှိုင်သာယာတွင် ကျူးကျော်ဟုဆိုကာ ပြည်သူများ၏ အိမ်များကို စစ်ကား၊ ရဲကား၊ အချုပ်ကားများဖြင့် လက်နက်အင်အားသုံးပြီး ဖျက်ခိုင်းနေ၍ လူဦးရေ သိန်းနှင့်ချီ အတိဒုက္ခရောက်နေ

ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တွင် ကျူးကျော်ဟုဆိုကာ ပြည်သူများ၏ အိမ်များကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထား ဖျက်ခိုင်းနေသဖြင့် ပြည်သူများ သိန်းချီ အတိဒုက္ခရောက်နေကြပြီး ကယ်ကူရာမဲ့ဖြစ်နေကြောင်း လှိုင်သာယာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဘုရင့်နောင်တံတားအောက်တွင် နေထိုင်သူ မကရင်မကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယမေးမြန်းထားပါသည်။

မေး။ ။ ဘယ်နေရာတွေက ကျူးတွေကို စဖျက်မှာလဲ။ မိသားစုဝင်တွေ ဘယ်လောက်လောက်ရှိလဲ။
ဖြေ။ ။ လူဦးရေက တော်တော်များတယ်။ ဘုရင့်နောင် တံတားကနေ ပန်းလှိုင်တံတားဘက်ထိပေါ့။ လှိုင်သာယာမှာ ရှိတဲ့ ကျူး အကုန်လုံးပဲပေါ့။ ကျူးမှန်သမျှ အကုန်လုံးပေါ့။
မေး။ ။ လှိုင်သာယာမှာ ကျူး အရေအတွက်က ဘယ်လောက်လောက်ရှိမလဲ။
ဖြေ။ ။ ဘုရင့်နောင် တံတားကနေ ပန်းလှိုင်တံတားအထိကို ကျူးတွေ အများကြီးပဲ ဘယ်နှခုရှိလို့ ရှိမှန်းတောင်မသိဘူး အများကြီးပဲ။
မေး။ ။ ဘယ်နေ့ နောက်ဆုံးဖျက်ခိုင်းတာလဲ။
ဖြေ။ ။ မနက်ဖြန်ခါကို အကုန်လုံး အပြီးဖျက်ခိုင်းတာ မနက်ဖြန်ခါကို အပြီးပဲတဲ့။
မေး။ ။ ကျူးတွေကို ပိုင်ရှင်တွေက မဖျက်ရင် သူတို့က ကိုယ်တိုင်လာဖျက်မှာလား။ ဘယ်လို ပုံစံမျိုးကြားထားလဲ။
ဖြေ။ ။ ကြားတာကတော့ ကိုယ်တွေ မဖျက်ရင် သူတို့လာဖျက်မယ်ဆိုတဲ့ ပုံစံမျိုးကြား နေရတာပေါ့။ ပြောနေကျတာလေ ၂၈၊ ၂၉ ရက် အဲတာနောက်ဆုံးပေါ့။ မနေ့ကတော့ မိုက်နဲ့ လာကြော်ငြာတယ်။ ဒီညနေလည်း မိုးရွာခံနီး လာအော်သေးတယ်။
မေး။ ။ အခု အမတို့ နေထိုင်တဲ့ နေရာမှာကော လူဦးရေ ဘယ်လောက်လောက်ရှိလဲ။
ဖြေ။ ။ ဒီနားမှာတော့ လူဦးရေ ထောင်နဲ့ချီတာပေါ့။
မေး။ ။ ဘုရင့်နောင် တံတားကို ပိတ်မယ်ဆိုတာကော ကြားမိသေးလား။ ဘာအတွက်ကြောင့် ပိတ်မှာလဲဆိုတာကို သိရလား။
ဖြေ။ ။ ကြားတယ်။ သေချာပိတ်မယ် မပိတ်ဘူးဆိုတာတော့ မသိဘူး။ ဘာကြောင့် ပိတ်တယ်ဆိုတာလည်း မသိရဘူး။
မေး။ ။ အမတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်က လူတွေကော ပြောင်းနေကျပြီလား။
ဖြေ။ ။ ကုန်တဲ့သူက ကုန်ပြီ ဖျက်တဲ့သူကလည်း ဖျက်လို့ကုန်နေပြီ ။အိမ်ပြောင်းတဲ့ သူတွေကလည်း မနက်ဖြန်ခါ တကျော့သယ်ဖို့ပဲရှိတော့တယ်။ ကားနဲ့သယ်ကျတာပေါ့။ အမတို့သာ သယ်စရာမရှိသေးလို့ မသယ်ရသေးတာ အဆောင်မရသေးလို့ပေါ့။

မေး။ ။ အခုပြောင်းနေကျတာက လှိုင်သာယာမှာရှိတဲ့ ကျူးတွေအကုန်လုံးပြောင်းနေကျတဲ့ အခြေအနေလား။
ဖြေ။ ။ အကုန်လုံးဖျက်နေကျတာပေါ့။ တချို့ကျတော့ အရိပ်အခြေအနေကြည့်တဲ့ သူကလည်း ကြည့်တယ်။ ပစ္စည်းတွေပဲ သယ်ပို့တဲ့သူက ပို့တယ်။ တချို့တစ်ဝက် ပြန်တဲ့သူကပြန်ကျပြီ တချို့တစ်ဝက် ကျန်တဲ့သူက ကျန်ခဲ့တယ်ပေါ့။ အိမ်တွေကတော့ BOC ဖက်ကတော့ ကုန်နေပြီ ဖျက်နေတာ တချို့ကျူးတွေကျတော့ လည်း ကွက်ကြားကွက်ကြား ဖျက်တာပေါ့။ မနက်ဖြန်ခါ အပြီးဖျက်ရမယ်ဆိုတော့ သူတို့လည်း ဖျက်ကျတာပေါ့။ မနက်ဖြန်ခါလာလို့ မဖျက်ရသေးရင် အန္တရာယ်ရှာမှာကြောက်လို့ သူတို့ကလည်း ကြောက်ပြီး အကုန်ဖျက်ကျတာ အမတို့တောင် ဒီနေ့ ဖျက်ဖို့ဟာ မဖျက်ရဘူး။ အဆောင်မရသေးလို့ပေါ့။
မေး။ ။ အမတို့ကို ဖျက်ဖို့ လာပြီး ပြောတာ စစ်သားတွေလား။ ရဲတွေလား။ ဘယ်သူတွေက လိုက်ပြောတာလဲ။
ဖြေ။ ။ လူ၂ယောက်တည်း ကြေညယတယ်။ ၁ယောက်တည်း ကြေညာတဲ့အခါလည်း ရှိတယ်။
မေး။ ။ အမတို့ကို ဘယ်လောက်လောက်ကြိုပြီး အသိပေးပြီး ဖျက်ခိုင်းတာလဲ။ ဘာကြောင့် ဖျက်ခိုင်းတာလဲကောသိရလား။
ဖြေ။ ။ ပထမတုန်းကတော့ အသံလောက်ပဲကြားသေးတာပေါ့။ နောက်တစ်ခါကြားရတဲ့ အခါကျတော့ စာနဲ့လာပြီးပြောတာ စာနဲ့လိုက်ကမ်းတာပေါ့။ စာနဲ့ကမ်းတယ်။ လက်မှတ်ထိုးရတယ်။ အဲလိုမျိုး စာကမ်းတာ ရက်တောင် မမှတ်ထားမိဘူး။ အလုပ်သွားနေရတော့ ဘယ်နေ့က ကမ်းလို့ ကမ်းလိုက်မှန်းတောင် မသိဘူး။
ဒီလမှာ ဖယ်ရမှာဆိုတာ အတည်ပြုသိရတာပေါ့။ အရင်လတုန်းက အသံလောက်ပဲကြားရတာ ကြားတုန်းကတော့ စိတ်ထဲမှာ အပိုတွေပြောတယ်လို့ပဲ ထင်ကြတာပေါ့။ ဒီနောက်ပိုင်း အတိအကျလာတော့မှပဲ မျက်လုံးပြူးပြီး ထလုပ်ကျတာပေါ့။

မေး။ ။ အမတို့ အဲဒီနေရာက ဖယ်ပေးရရင် ဘာတွေရှေ့ဆက်လုပ်မယ်လို့ စဉ်းစားထားလဲ။
ဖြေ။ ။ အဆောင်တွေငှားပြီး လိုက်ရှာပြီး သွားငှားနေရမယ့် ပုံစံမျိုးပေါ့။ အဆောင်တွေကလည်း ဘူး၊ ပလုံ၊ ကောက်တဲ့ သူတွေကို မငှားတဲ့သူလည်းရှိတယ်။ မိသားစုများလို့ မငှားတဲ့သူတွေလည်း ရှိတယ်။ အဲလိုမျိုးတွေရှိတာပေါ့။ အဲတာ အဆောင်ရှာပြီးငှားနေဖို့ ယာယီနေထိုင်ဖို့ လုပ်ထားတယ်။
မငှားနိုင်တဲ့သူကျတော့လည်း ပြန်ရမှာပေါ့။ လမ်းစရိတ်ရှာပြီးတော့ပေါ့။ ငွေရေးကြေးရေးကတော့ အခက်အခဲရှိတယ် အကိုရေ မလိမ်တမ်း မညာတမ်း ပြောရမယ်ဆိုရင်တော့ ငွေရေးကြေးရေးကတော့ အင်မတန် အကုန်လုံး အခက်အခဲရှိနေကျတယ်။ ပိုပြီးဆင်းရဲ နွမ်းပါးသူလည်းရှိတယ်။
ဒီမှာ အိုဇာမင်းဇာနဲ့ ကလေးလေးတွေ လုပ်ကျွေးနေတာလဲရှိတယ်။ အဲတာတွေလည်းရှိတယ်။ ရောဂါတွေဖြစ်ပြီးတော့ နာရေးဖြစ်နေတဲ့အိမ်တွေလည်းရှိတယ်။ အဲတာတွေကြားထဲကနေ အခုဖျက်ပေးရမှာပေါ့။
မေး။ ။ အမတို့ကော မိသားစုဝင် ဘယ်လောက်လောက်ရှိလဲ။
ဖြေ။ ။ မိသားစုက ၄ယောက်လောက်ရှိတယ်။ ကလေး ၂ယောက် လူကြီး ၂ယောက်ပေါ့။
မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။
ဖြေ။ ။ လောလောဆယ် သူတို့ပြောင်းဆိုတော့ ကိုယ်ကလည်း ပြောင်းပေးရမှာပေါ့။ လောလောဆယ်ပြောင်းရရင် နေရေးထိုင်ရေး ဒုက္ခရောက်တာပေါ့။ ငှားဖို့ပြုဖို့တွေ ဒုက္ခရောက်တယ် အကိုရေ အဲတာအတွက်ပဲပြောချင်တာ ကိုယ်က ငှားနေဖို့ကျတော့ ငွေရေးကြေးရေး အခက်အခဲကြုံတယ်။
အဲတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ အဲတာတွေပဲ တွေးနေရတာပေါ့။ ပြည်သူတွေ ခံစားရတာပေါ့။ တော်ကြာ တစ်မျိုး ဆိုတော့ ပြည်သူတွေက စိတ်သောကရောက်တယ်။ စိတ်ဆင်းရဲရတယ်။ စားဝတ်နေရေး အဲဒီထဲထဲမှာ စိတ်တွေက နစ်မြှုပ်ပြီးတော့ စားဝတ်နေရေး ကိုယ့်မိသားစု အကုန်လုံးပေါ့။
ဒုက္ခရောက်တာပေါ့။ စိတ်တွေက အကုန်လုံး ကရောက်ကယက်တွေ ဖြစ်ကုန်ကျတယ်။ ဒါက လူကြီးသူမတွေ ပြောသလိုပဲ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက် ဒါတွေကတော့ ဘယ်သူကိုမှလည်း အပြစ်မတင်ချင်ပါဘူး။ ဒီအချိန်မှာ ဒီလိုဖြစ်ရမယ်လို့ ကံကြမ္မာကြုံလာတယ်လို့ပဲ သတ်မှတ်ပါတယ်။ crd By ရန်ကုန်ခေတ်သစ်

Add a Comment

Your email address will not be published. Required fields are marked *