YBSယာဉ်လိုင်းအများစု ယာဉ်နောက်လိုက်ဖြင့် ငွေကောက်ခံမှုများ ပြန်လည်ပြုလုပ်လာ
|
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသော YBSယာဉ်လိုင်အများစုတွင် ယာဉ်နောက်လိုက်များပြန်လည်ထားရှိကာ ယာဉ်နောက်လိုက်မှယာဉ်စီးခနှုန်းထားတွေကို ကောက်ခံမှုပြုလုပ်လာနေတယ်လို့ ခရီးသည်တွေဆီကသိရပါတယ်။
YBSယာဉ်လိုင်းများမှာ ယခင်က ယာဉ်ပေါ်တွင် ယာဉ်စီးခထည့်ရန်ငွေပုံးများထားရှိပြေးဆွဲခဲ့သော်လည်း ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းတွင် ယာဉ်စီးခတွေကို ပိုမိုကောက်ခံခြင်း ၊ယာဉ်နောက်လိုက်များက ယာဉ်စီးခနှုန်းထားကောက်ခံခြင်းတွေကို ပြန်လည်ပြုလုပ်လာတယ်လို့သိရပါတယ်။
“ကုမ္ပဏီတွေကတောင်းခိုင်းတာလားမသိဘူး အရင်က ၂၀၀တန်ခရီးက ခု သုံးရာပေးရတယ် နောက်ပြီး စပယ်ရာတွေပြန်ပါလာပြီ သူတို့ကငွေကောက်တယ်
ငွေထည့်တဲ့ပုံးတွေကိုပိတ်ထားတယ်”လို့ခရီးသည်တစ်ဦးကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုကော်မတီ(YPTC)အနေနဲ့ ယာဉ်စီးခပိုမိုကောက်ခံမှုတွေကိုရှောင်တခင်စစ်ဆေးသွားမယ်လို့ထုတ်ပြန်ပြောဆိုထားသော်လည်း ယာဉ်စီးခပိုမိုကောက်ခံခြင်း၊ယာဉ်နောက်လိုက်များကယာဉ်စီးခကောက်ခံခြင်းတွေကို ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
သက်ဆိုင်ရာယာဉ်လိုင်ကုမ္ပဏီတွေအနေနဲ့ ခရီးသည်တင်ယာဉ်ပြေးဆွဲမှုအပေါ်ကြီးကြပ်မှုအားနည်းနေပြီး ခရီးသည်တင်ယာဉ်အများစုမှာ ယခင်ကလို ကုမ္ပဏီကိုငွေပေးအပ်တဲ့ စနစ်နဲ့ပြေးဆွဲခြင်းမျိုးမဟုတ်ပဲ ယာဉ်ပိုင်ရှင်နဲ့ယာဉ်မောင်းကြားနားလည်မှုယူကာပုတ်ပြတ်စနစ်နဲ့ပြေးဆွဲနေတာဖြစ်တယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။