စစ်ကောင်စီတပ်က ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ KNU ဆို

ကေအဲန်ယူနယ်မြေ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်နှင့်မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေနှင့်BGF တပ်တို့ဟာ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ ခလရ(၂၆၄)နှင့်ခမရ(၂၀)တို့မှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဆောထိမြို့နယ်ရှိ အင်းကျိုက်၊ ထမင်းရုံ၊ အော့ဖလားနှင့် တံတားကျိုးကျေးရွာတွေကို ဝင်ရောက်လာပြီး ၎င်းတို့တပ်ဖွဲ့ခိုင်းစေဖို့အတွက် ကျေးရွာအုပ်စု တစ်အုပ်စုက လူငယ် (၃၀) ပေးရန် တောင်းဆိုခဲ့တယ်လို့ KNU က ဆိုပါတယ်။
လူငယ်တွေအား မထုတ်ပေးတဲ့ ကျေးရွာတွေကိုတော့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာဘ ၁၄ ရက်နေ့မှာတော့ BGF တပ်ရင်း(၁၀၁၃)မှ တပ်ရင်းမှူး စောစိုးနိုင်၏ တပည့်ဖြစ်သူ စောခေါ်ချီမှ ဒွယ်လိုးမြို့နယ်၊ လယ်ဒေးရွာသား စောကြိုင်ဦးကို ၎င်းတို့နေထိုင်ရာ ဖောထီးခူ စခန်းသို့ ခေါ်ဆောင်ကာ အကြောင်းမဲ့ ၇ ချက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မယ်ပရယ် တပ်စခန်းရှိ BGF တပ်ရင်း(၁၀၁၄)မှ တပ်ရင်းမှူး စောချစ်မောင်၏ တပည့် ဖားမောင်နီမှ မယ်ပရယ်ဒို ကျေးရွာသားများဖြစ်သော စောအေးဖေနှင့်နော်မူ၏ ဦးလေး ၂ ယောက်ကို ထိုးကြိတ်ကန်ကျောက်ခဲ့ပါတယ်။
ဒါ့အပြင် စောအေးဖေ သား ၂ ဦးကို KNU ထောက်လှမ်းရေးကဟု စွပ်စွဲကာ စောအေးဖေကို ထိုးကြိတ်ရိုက်နှက်ကန်ကျောက်ခဲ့ပြီး ၎င်းတို့ အိမ်ခြေရင်း၌ မိုင်းများထောင်ထားခဲ့ပြီး မယ်ပရယ်ဒိုကျေးရွာအတွင်း မိုင်းတစ်လုံး ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့မှာပင် စောမောင်ချစ်တပည့်ဖြစ်သူ စောသန်းမင်းဦးဆောင်အဖွဲ့မှ နိုထာကျေးရွာနေ နော်ဒါး၏ ကြက် ၁၀ ကောင်၊ ဖောထီးခူဘက်နေ နော်ကပေါ်ရှီး၏ ကြက် ၂ ကောင်တို့ကို အတင်းအဓမ္မ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *