အကွက်ဇယားများနဲ့ ဆိုင်ဝါးတွေ

နွေဦးတော်လှန်ရေး ၅ လနီးပါး ဖြစ်လာတဲ့အခါ နှစ်ဖက်စလုံးရဲ့ တိုက်ပွဲဗျူဟာတွေ ပြောင်းလဲလာတာ သိသိသာသာ မြင်တွေ့နေရပါတယ်။
အစပိုင်းမှာ စစ်အာဏာရှင်တွေဟာ ကြမ်းကြမ်းရမ်းရမ်း နှိမ်နင်းသတ်ဖြတ်ရင် ပြည်သူတွေ ကြောက်လန့်ပြီး အရှုံးပေးသွားလိမ့်မယ်လို့ လျှော့တွက်ခဲ့ကြပုံရပါတယ်။ မင်းအောင်လှိုင်ရဲ့ အင်တာဗျူးမှာ ပြည်သူတွေ ခုလောက်အထိ ဆန့်ကျင်အာခံလိမ့်မယ်လို့ မထင်မှတ်ခဲ့ကြောင်း ပြောတယ်လေ။
ဒါပေမဲ့ ပြည်သူလူထုက အနိုင်မခံ အရှုံးမပေး ဆန့်ကျင်ဆန္ဒပြနေလေတော့ ပိုပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ အစွမ်းကုန် ကျင့်သုံးခဲ့ပါတယ်။ နှိပ်စက်သတ်ဖြတ်တာ၊ ညမှာ ဖမ်းဆီးပြီး မနက်ကျ အလောင်းလာယူခိုင်းတာ၊ ရုပ်ပျက်ဆင်းပျက် နှိပ်စက်ညဉ်းပန်းပြီးမှ သတ်တာတွေကို ပေါ်ပေါ်တင်တင် လုပ်ပြတယ်။ လူကို အရှင်လတ်လတ် မီးရှို့တဲ့အထိ ရက်စက်ခဲ့တဲ့ ဒီလုပ်ရပ်တွေကို ဖုံးကွယ်မထားတဲ့အပြင် ပြည်သူတွေကြားမှာ ပျံ့နှံ့သွားအောင်ကို တမင်လုပ်ကြတာပါ။ ပြည်သူတွေ အကြောက်တရား ကူးစက်သွားရင် ဒူးထောက်အညံ့ခံကြလိမ့်မယ်ဆိုတဲ့ သူတို့ရဲ့ မူလလက်ဟောင်း အကွက်တွေပါပဲ။ (မင်းအောင်လှိုင်တို့ စစ်အာဏာရှင်တွေဟာ ဒီနည်းလမ်းကိုပဲ ရေလဲနဲ့ သုံးပြီး မြန်မာနိုင်ငံကို နှစ် ၆၀ အုပ်စိုးခဲ့တာပါ။)
ဒါပေမဲ့ ပြည်သူတွေဟာ သူတို့တွက်ထားသလို အရှုံးမပေး၊ အညံ့မခံတဲ့အပြင် ပိုလို့တောင် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဗျူဟာတွေ ပြောင်းလဲလာခဲ့ကြပါတယ်။
အစက ညမှာ သံပုံးတီးပြီး နေ့မှာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတယ်။ ရဲနဲ့ စစ်တပ်က စည်းသုံးစည်းတား၊ သတိပေး ခြောက်လှန့်တဲ့အဆင့်တွေကို လျစ်လျူရှုပြီး ပစ်ခတ်နှိမ်နင်းတယ်။
ဒီတော့ ပြည်သူတွေက ရပ်ကွက်ထဲမှာ သဲအိတ်ခံတပ်ဆောက် မိုလိုတော့ဗ် မီးလောင်ဗုံး၊ လေးခွ၊ ဂျင်ဂလိတွေနဲ့ ပြန်ချတယ်။ စစ်ကောင်စီကလည်း RPG ဗုံးပစ်လောင်ချာနဲ့ပါ ထုတဲ့အထိ ရက်ရက်စက်စက် ဖြိုခွင်းတယ်။
ပြည်သူဖက်ကလည်း ရဲရဲရင့်ရင့် တစ်ဆင့်တက်ပြီး မင်းတပ်၊ ဒီမောဆိုးတို့မှာ တူမီး လက်လုပ်သေနတ်၊ ဒူးလေး၊ မြားလှံလက်နက်တွေနဲ့ ပြန်ဆော်ကြတော့ တိုက်ပွဲတွေ ဖြစ်ပြီး စစ်ခွေးတွေ အတုံးအရုန်း သေကြပါလေရော။
ဟော… အခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖွဲ့ပြီးပြီ။ စစ်သင်တန်းတွေလည်း ဆင်းကြပြီ။ တစ်ပြည်လုံး တိုက်ပွဲဝင်ဖို့ D Day တိုက်ပွဲခေါ်သံကို စောင့်နေကြပြီ။
ဒါ့အပြင်၊ မြို့ကြီးတွေမှာတောင် လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်တာ၊ သေနတ်နဲ့ တေ့ပစ်တာ စတဲ့ မြို့ပြပြောက်ကျား တိုက်ပွဲတွေကို နေ့စဉ် မြင်တွေ့နေကြရပါပြီ။
အခုတော့၊ ပြည်သူတွေရဲ့ မကြောက်မရွံ့တဲ့ စိတ်ဓာတ်ကြောင့် အကြောက်တရားဟာ စစ်အာဏာရှင်တွေ ကြားမှာ မြားဦးလှည့်သွားတာ တွေ့နေရပါတယ်။
အရင်တုန်းက “ဘယ်ကောင် သေရဲလဲ။ သေရဲတဲ့ကောင် ထွက်ခဲ့” လို့ မိုက်မိုက်ကန်းကန်း စိန်ခေါ်ခဲ့တဲ့ စစ်ခွေးတွေ၊ ရဲခွေးတွေဟာ အခုတော့ သဲအိတ်နဲ့ အကာအကွယ်တွေ နောက်မှာ ကြောက်ဒူး တဇတ်ဇတ်တုန်နေကြလေရဲ့။
မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်း ပြဿနာကို ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဘယ်လောက်ပဲ တိုက်တွန်းနားချပါစေ၊ အခြေအနေဟာ လက်လွန်ကုန်ပါပြီ။
ပြည်သူ ၉၀၀ နီးပါးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာ ဘယ်လိုလုပ်ပြီး ကျေအေးလို့ ရမှာလဲ။
ပစ္စည်းလု၊ ဓားပြတိုက်၊ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးထားတာကို ဘွာခတ်ရုံနဲ့ ကျေနပ်ကြရမှာလား။
မြန်မာနိုင်ငံရဲ့ အခုအခြေအနေဟာ သူသေကိုယ်သေ အပြတ်ရှင်းရမယ့်ပွဲ ဖြစ်နေပါပြီ။
ဒီတကြိမ်မှာ မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်ရင် စစ်ကျွန်သာမဟုတ်ဘဲ တရုတ်ကျွန်အဖြစ်နဲ့ပါ သားစဉ်မြေးဆက် သွေးစုပ်ဖိနှိပ်ခံရမှာ မလွဲဧကန်ပါပဲ။
အခုအချိန်မှာ မြန်မာပြည်သူတွေဟာ ယတိပြတ် ဆုံးဖြတ်ချက် အခိုင်အမာနဲ့ မဆုတ်မနစ် တိုက်ပွဲဝင်လာတဲ့အခါ စစ်အုပ်စုအတွက် တုန်လှုပ်ချောက်ချားစရာ ဖြစ်လာပါတော့တယ်။
ဒီတိုက်ပွဲရဲ့ ဘက်နှစ်ဘက်ကို သေသေချာချာ ကြည့်ရင် တိုင်းရင်းသားပြည်သူလူထုက တစ်ဖက်၊ စစ်အုပ်စုက တစ်ဖက်ဆိုတာ မြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ စစ်အုပ်စုလို့ ဆိုလိုက်ရင် မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး၊ စိုးထွဋ်တို့ကိုပဲ ပြေးမြင်ကြလိမ့်မယ်။ အမှန်ကတော့ တအုံတမ အများကြီးပဲဆိုတာ မြင်အောင် ကြည့်ကြရပါလိမ့်မယ်။
မင်းအောင်လှိုင်ရဲ့နောက်မှာ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့် ဆိုတဲ့ အရင်စစ်အစိုးရခေါင်းဆောင်ဟောင်းတွေအပြင်၊ ခေတ်ပြောင်းခေတ်လွှဲအချိန် ဇာတ်လိုက်ကျော်တွေ ဖြစ်ကြတဲ့ သိန်းစိန်၊ ရွှေမန်း၊ တင်အောင်မြင်ဦး၊ မြင့်ဆွေ စသူတွေလည်းပါတယ်။
ဒါ့အပြင်၊ တေဇ၊ ဇေကမ္ဘာခင်ရွှေ၊ အောင်ကိုဝင်း၊ အေးနေဝင်းတို့ ညီအစ်ကို စတဲ့ ခရိုနီတွေလည်း ပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် မင်းအောင်လှိုင်ဟာ အဲဒီ မိစ္ဆာအုပ်စုကြီးရဲ့ အလိုဆန္ဒအတိုင်း၊ သူတို့ရဲ့ ထောက်ခံအားပေးမှုကြောင့် ရူးရူးမိုက်မိုက် အာဏာသိမ်းတာ ဖြစ်ပါတယ်။ သူ့မိသားစုရဲ့ အကျိုးစီးပွားအပြင် ခုနပြောခဲ့တဲ့ မကောင်းဆိုးဝါး မိစ္ဆာကောင်တွေကိုပါ အကာအကွယ်ပေးဖို့ မိုက်ရူးရဲ အာဏာသိမ်းခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး မြန်မာနိုင်ငံကို NLD အစိုးရ အုပ်ချုပ်လာခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ အဂတိလိုက်စားမှုတွေကို (အထိုက်အလျောက်) နှိမ်နင်းအရေးယူခဲ့ပါတယ်။
အထိုက်အလျောက်လို့ ပြောရခြင်းကတော့ အစိုးရသစ်တက်တက်ချင်း ဘီလူးဆိုင်းနဲ့ ဗိန်းမောင်းတိုက်ပြီး အကုန်ထောင်ထဲထည့်လို့ မရတဲ့ အခြေအနေကြောင့်ပါ။ အဲဒီလိုသာ ဝင်ဝင်ချင်း ဆောက်နဲ့ထွင်းရင် ၂၀၁၆ ခုနှစ်ကတည်းက အာဏာသိမ်းကြလိမ့်မယ်ဆိုတာ ယုံပါ။
ဒါပေမဲ့၊ ပြည်သူ့အစိုးရသစ်ဟာ အဂတိလိုက်စားမှုတွေနဲ့ မတရားမှုတွေကို (တဖြည်းဖြည်းချင်း) ဖော်ထုတ် အရေးယူလာခဲ့ပါတယ်။ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေမှာ ပြည်သူ့ဘတ်ဂျက်တွေကို အလုံးအရင်းနဲ့ ခိုးသွား‌တာတွေ သိပါလျက်နဲ့ သက်သက်ညှာညှာ အရစ်ကျ ပြန်ဆပ်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
အလားတူပဲ၊ တပ်ပိုင်မြေဆိုပြီး အသိမ်းခံရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင် ပြည်သူတွေလက် ပြန်လွှဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရက လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်အာဏာရှင် အဟောင်းအသစ်တွေအပြင် ခရိုနီတွေကိုပါ ကြောက်လန့် တုန်လှုပ်စေခဲ့ပါတယ်။ သူတို့အားလုံးမှာ မသမာမှုနဲ့ ချမ်းသာ ကြွယ်ဝလာတဲ့ ပိုင်ဆိုင်မှုတွေ မရေမတွက်နိုင်အောင် ရှိနေလို့ပါပဲ။
ဒါတွေအပြင်၊ စစ်အာဏာရှင်နဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အခွန်တိမ်းရှောင်တာ အသာထား လျှပ်စစ်မီတာခတောင် မဆောင်တဲ့ ကြွေးကျန်တွေ အများကြီးတဲ့။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနာမည်နဲ့ ပြည်သူပိုင် မြေနေရာ အဆောက်အအုံတွေကို မတရား ရယူခဲ့ကြတယ်။ ပြီးတော့ အဲဒီအိုးအိမ်မြေနေရာတွေကို သူတို့လူကြီးပိုင်းက ခွဲဝေယူပြီး ပြန်ရောင်းစားတယ်၊ အငှားချထားတယ်။
မင်းအောင်လှိုင်ကိုယ်တိုင်လည်း အဲဒီနည်းနဲ့ အများကြီး ရထားတာပေါ့။ အခု အာဏာသိမ်းပြီးမှ သူကိုယ်တိုင် ဖဲကြိုးဖြတ် အသစ်ဖွင့်တဲ့ ဆေးရုံဆို တပ်မတော်မှတ်တမ်းရုံးပိုင်မြေတဲ့။ ဒါက နမူနာသဘောလောက်ပဲ ဖြစ်ပြီး သူတို့စစ်အုပ်စုတစ်ခုလုံး မတရားယူထားတဲ့ အိုးအိမ်တိုက်တာ မြေနေရာတွေ လက်ညှိုးထိုးမလွဲ ရှိနေပါတယ်။
ဒီပိုင်ဆိုင်မှုတွေကို NLD သာမဟုတ်ပါဘူး၊ ပြည်သူက ရွေးကောက်တဲ့ အစိုးရ ဘယ်အစိုးရကမဆို ဖော်ထုတ် အရေးယူလာမှာကို စစ်အုပ်စုနဲ့ ခရိုနီတွေ သေမတတ် ကြောက်ကြပါတယ်။ ဒီပွဲမှာ သူတို့ ရှုံးသွားလို့ တိုင်းပြည်က ထွက်ပြေးရရင်တောင် ဒီမြေကြီးတွေ၊ ဒီတိုက်တာ အဆောက်အအုံတွေကို သယ်ပြေးလို့မှ မရတာ။
ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်အုပ်စု အာဏာပြန်ရရေးအတွက် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ကြပါတယ်။
(၁) ကြံ့ဖွတ်အနိုင်ရပြီး (သိန်းစိန်တုန်းကလို) အစိုးရဖွဲ့ရေး (ပြည်သူက လုံးဝလက်မခံတော့ ခွက်ခွက်လန်ရှုံး)
(၂) ကြံ့ဖွတ် ၂၆ ရာခိုင်နှုန်း အနိုင်ရရင် တစ်မတ်သား စစ်တပ်လွှတ်တော်အမတ်တွေနဲ့ ပေါင်းပြီး အစိုးရဖွဲ့ရေး (ဒါလည်း မအောင်မြင်)
(၃) NLD မဲမရအောင် No Vote ဆိုပြီး မဲမပေးရေး လှုံ့ဆော်တယ်။ (ပြည်သူတွေက ကိုဗစ်ကြားထဲက ကလေးချီပြီး မဲထွက်ပေးတယ်။)
(၄) စစ်တပ်အလိုတော်ရိ အရိုးကိုက် ပါတီငယ်၊ တိုင်းရင်းသား ပါတီတချို့နဲ့ “ညွန့်ပေါင်းအစိုးရ” ဖွဲ့ရေး (ဘယ်ပါတီမှ မဲမရ၊ ပြည်သူတွေက သူတို့ထက်အကွက်မြင်တယ်)
(၅) ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD က သောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရလိုက်တော့ လုပ်စရာ လမ်းကုန်သွားပြီပေါ့။
စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အစီအစဉ်တွေ ဘာတစ်ခုမှ မအောင်မြင်တဲ့အခါ NLD မဲလိမ်တယ်၊ မဲခိုးတယ်လို့ “ဇွတ်အတင်း” စွပ်စွဲတော့တာပဲ။ ပြီးတော့ မင်းအောင်လှိုင်ကို သမ္မတနေရာပေးဖို့ မရမက တောင်းဆိုတယ်။ သူတို့ရဲ့ ဘုရားပေး ၂၀၀၈ အခြေခံဥပဒေနဲ့တောင် မညီညွတ်ဘဲ ဒီခွေးသူခိုးကို ဘယ်လိုလုပ်ပြီး သမ္မတတင်လို့ရမှာလဲ။
လုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် စစ်တပ်က ဒုသမ္မတတစ်ယောက် တင်ခွင့်ရှိတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က ဒုသမ္မတ တစ်ယောက်စီ တင်ရင် အဲဒီ ဒုသမ္မတ သုံးယောက်ထဲက တစ်ယောက်ကို နိုင်ငံတော်သမ္မတကြီးအဖြစ် တင်မြှောက်ရမယ်ဆိုတာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေမှာ အတိအလင်းရေးထားပြီးသားပဲလေ။ ဒီလို တရားဥပဒေနည်းလမ်းကို ကျော်ပြီး သူ့ကိုပဲ သမ္မတတင်မြှောက်ရမယ်ဆိုတာ လွန်လွန်းလှချည်ရဲ့။
ဒီလို မတရားအနိုင်ကျင့်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ လက်မခံတာကြောင့် အာဏာသိမ်းတာပါပဲ။
ကဲ အခုတော့ အာဏာသိမ်းတာလည်း ၅ လ ပြည့်တော့မယ်။ နှစ်ဖက်စလုံးကလည်း “သူသေကိုယ်သေ” တိုက်ရမယ့် အခြေဆိုက်နေပြီ။ မြန်မာပြည်သူလူထုကတော့ “လုံးဝ အုပ်ချုပ်လို့ မရစေရဘူး” ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ တိုက်ပွဲဝင်နေကြတာ မျက်ဝါးထင်ထင် မြင်နေရပီ မဟုတ်လား။
ဒါပေမဲ့၊ အာဏာသိမ်းစစ်အုပ်စုမှာလည်း သွေးပျက်ချောက်ချားနေကြပြီ။ တပ်ပြင်ခြေတစ်လှမ်း ထွက်ရင်တောင် အန္တရာယ်တွေ ဝိုင်းနေတော့ နောက်ကျောမလုံကြတော့ဘူး။ သူတို့တင်မကဘူး သူတို့ မိသားစု၊ လက်အောက်ခံတွေနဲ့ ဒလန်ပါမကျန် သွေးလန့်နေကြတာလေ။ ပဋ္ဌာန်းရွတ်ကြ၊ ပရိတ်ရွတ်ကြ၊ စည်းချကြနဲ့ ရက်လည် မုန့်ဟင်းခါးတွေကလည်း ခြိမ့်ခြိမ့်သဲလာပြီ။
ဒီလိုအခြေအနေ အချိန်အခါမှာ စစ်အုပ်စုကလည်း ထွက်ပေါက် (ပြေးပေါက်) ရှာတဲ့အသံတွေ ထွက်လာပါပြီ။ ဒီပွဲမှာ သူတို့ရှုံးရင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းဗိုလ်ချုပ်တွေရဲ့ မိသားစု ဘယ်ကိုပြေးမလဲဆိုတာ အစကတည်းက သူတို့ စီစဉ်ထားပြီးသား ဖြစ်မှာပါ။ အောက်ခြေကကောင်တွေတော့ ခွေးသေဝက်သေ သေကြမှာပဲ။
ဒါပေမဲ့၊ သန်းရွှေ၊ မောင်အေး၊ သိန်းစိန်၊ ရွှေမန်း တို့လို တစ်ပတ်ရစ် ဆက်ကင်းဟင်း၊ အိုပယ်ကြီးတွေ ပြေးပေါက်မရှိ ငုတ်တုတ် လည်စင်းခံရမယ့် ဘဝကို ရောက်နေပါတယ်။
ဒါကြောင့် တပ်အသိုင်းအဝိုင်းကနေပြီး ထွက်ပေါက်ရှာတဲ့ အသံတွေ ကြားလာရတယ်။ မအောင်မြင်တဲ့ မင်းအောင်လှိုင်ကို ဖယ်ရှားပြီး တခြားတစ်ယောက်ကို အစားထိုးဖို့ အသံတွေ ထွက်လာတယ်။
ကိုမင်းအောင်လှိုင်သို့ ဆိုပြီး တပ်မတော်အရာရှိကြီး တစ်ယောက်ရေးတဲ့ စာလိုလို ဖတ်လိုက်ရတယ်။ စာရဲ့သဘောကတော့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်မှားတယ်။ ဒါကြောင့် သူ့တို့အုပ်စုကို ဖယ်ရှားပြီး တပ်မတော်အရာရှိဟောင်းကြီးတွေနဲ့ ဒီမိုကရေစီအုပ်စု အတူလက်တွဲပြီး ၂၀၀၈ အခြေခံဥပဒေအတိုင်း အုပ်ချုပ်မယ့် အစိုးရဖွဲ့စည်းသင့်တယ်ဆိုတဲ့ အကြံပေးစာကို ဖတ်လိုက်ရမယ် ထင်တယ်။
ဆိုလိုရင်းက သိန်းစိန်၊ ရွှေမန်း တို့ကို နေရာပြန်ပေးဖို့ပေါ့။ (ဘူးထွားထွား လို့ပဲ ရယ်လိုက်ချင်တယ်။ စစ်အာဏာရှင်ဟောင်းကြီးတွေကို အကာအကွယ်ပေးပြီး စစ်တပ်က ၂၅ ရာခိုင်နှုန်း လွှတ်တော်နေရာယူထားတဲ့ အခြေအနေကို ပြန်သွားဖို့ တိုက်တွန်းနေတာဗျ။)
အခု ပူပူနွေးနွေး၊ ပြင်ဦးလွင်မှာ လေယာဉ်ပျက်ကျတဲ့ ကိစ္စမှာလည်း ထိပ်ပိုင်းက စိုးဝင်း၊ အောင်လင်းဒွေး၊ စိုးထွဋ် တို့ တစ်ယောက်ပါသလိုလို နှစ်ယောက်ပါသလိုလို လေသံလွှင့်နေပြန်တယ်။ ဘာမှ မဟုတ်ဘူး၊ ပြည်သူတွေရဲ့ တုံ့ပြန်မှုကို သွေးတိုးစမ်းတာ။
တကယ်လို့ ပြည်သူတွေကသာ လူရိုးလူဖြောင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသေသွားတာ နှမြောလိုက်တာ။ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဆိုရင် တိုင်းပြည်ကို ကယ်တင်မယ်လို့ မျှော်လင့်နေတာ စတဲ့ အသံထွက်လာမလား နားထောင်ကြည့်တယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တပ်ထဲက အသံတွေပေါ့။ တကယ်လို့ စိုးဝင်းကို အားကိုးတဲ့ အသံကြားရရင် မ.အ.လ.ကို ဖယ်ပြီး စိုးဝင်းနဲ့ အစားထိုးလိမ့်မယ်လို့ ထင်တယ်။
ဒါပေမဲ့ ပြည်သူတစ်ရပ်လုံးကတော့ ဘယ်ကောင်သေသေ ငါတို့ ဝမ်းသာတယ်ဆိုပြီး ပျော်ပျော်ကြီး တုံ့ပြန်လိုက်ကြတော့ ဘယ်ကောင့်ကိုမှ တင်လို့ မရပြန်ဘူး။
နောက်ထပ် ဝှက်ဖဲတစ်ချပ် ကျန်သေးတာက မြထွန်းဦးပါ။ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဖမ်းထားသလိုလို၊ သတ်လိုက်သလိုလို၊ သဘောထားမတိုက်ဆိုင်လို့ ချောင်ထိုးထားသလိုလို အကွက်ဆင်ထားပါတယ်။ သူတို့ သွေးရူးသွေးတန်း ပြေးရတော့မယ့်အချိန်မှာ မြထွန်းဦးလက်ထဲကို လွှဲသွားပြီး နောက်ချန်တပ် ထားခဲ့မယ့် အစီအစဉ် ရှိနိုင်ပါသေးတယ်။
ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား၊ ခုတလောမှာ စစ်အုပ်စုက ပြည်သူတွေရဲ့ စိတ်သဘောထားကို တီးခေါက်ပြီး ထွက်ပေါက်ရှာတာတွေ မြင်လာရတယ်။ ပြေးပေါက်ရှာနေကြပြီဆိုရင် ပြေးရတော့မယ့် နိမိတ်တွေ မြင်နေကြလို့ပေါ့။
ဆောင်းပါး_Min Myat Maung

Add a Comment

Your email address will not be published. Required fields are marked *