ဆရာတစ်ယောက်ဖြစ်ပြီး သူတို့လေးတွေ ဂုဏ်ပြုဖို့ မေ့ခဲ့တယ်

အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။ လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။ တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။
ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။
အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။
အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။
တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။
ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။
လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။
ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။
ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။
အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။
အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။
စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။
လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။
တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။
ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆဲုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။
တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။
စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။
ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။
ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။
ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။
အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။
ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။
အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ်
လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။
ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း…….။

Add a Comment

Your email address will not be published. Required fields are marked *