အချိန် မစောင့်နိုင်လောက်အောင်ကို ရူးတယ်

ပြည်သူ အတော်များများဟာ မင်းအောင်လှိုင်ကို “အာဏာရူး မင်းအောင်လှိုင်”၊ “မင်းအောင်လှိုင် အာဏာရူး” ဆိုပြီး ပြောဆို ခေါ်ဝေါ်လေ့ရှိကြတယ်။ ပထမတော့ မင်းအောင်လှိုင်ကို အာဏာရူးဆိုပြီး ပြောတာ နည်းနည်းများ များသွားသလားလို့ ထင်ခဲ့ဖူးတယ်။ အခုတော့ အဲဒီ စကားလုံး သူနဲ့ တကယ့်ကိုပဲ ထိုက်တန်တယ် ဆိုတာ နားလည်ခဲ့ရပြီ။ မင်းအောင်လှိုင်က သူတို့တွေဟာ စစ်အာဏာသိမ်းတာ မဟုတ်ပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေကနေ တစ်နှစ်တာ အချိန်ကာလ သတ်မှတ် တာ၀န်ပေးလို့ အာဏာရယူခဲ့ရတာပါလို့ ဆိုပါတယ်။ အဲဒီအတိုင်း၊ ဖွဲ့စည်းပုံ အတိုင်းဆိုရင် နိုင်ငံမှာ ယာယီ သမ္မတ ဆိုတာ အရှင်လတ်လတ် ရှိနေသေးသလို၊ မင်းအောင်လှိုင်ဟာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာ၀န်နဲ့ပဲ ရှိနေပါသေးတယ်။
ဖွဲ့စည်းပုံအရ ဆိုရင် မင်းအောင်လှိုင်ဟာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေကို အကောင်အထည် ဖော်လို့ပြီးသွားရင်၊ လွှတ်တော် သက်တမ်းရှိရင် လွှတ်တော်၊ လွှတ်တော် သက်တမ်း မရှိတော့ရင် နိုင်ငံတော် သမ္မတ (သူ့အဆို ယာယီသမ္မတ) ကို အစီရင်ခံရမှာဖြစ်ပြီး နောင် လွှတ်တော်တွေ၊ သမ္မတ၊ ဒုသမ္မတ အသစ်တွေ မပေါ်လာသေးခင်အထိ သမ္မတ (လက်ရှိ အခြေအနေ ယာယီသမ္မတ) ဟာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။ ပြောရရင် ဖွဲ့စည်းပုံအရ နိုင်ငံရဲ့ အထွဋ်အထိပ် ခေါင်းဆောင်ဟာ နိုင်ငံတော်သမ္မတ (မင်းအောင်လှိုင်တို့ပြောသလို ဆိုရင် ယာယီသမ္မတ ) ပဲ ဖြစ်နေဦးမှာပါ။ နောင်မှသာ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ရွေးကောက်ပွဲ ကိုယ်လုပ်ပြီး မသမာတဲ့နည်းနဲ့ နိုင်ငံတော်သမ္မတ ရာထူးယူချင်လဲယူ၊ လက်ရှိမှာတော့ တပ်ချုပ် ဟာ တပ်ချုပ် အဆင့်ပါပဲ။
ဒါပေမယ့် မင်းအောင်လှိုင်ဟာ အဲဒီ အချိန်ထိ စောင့်နိုင်ပုံ မပေါ်ပါဘူး။ အာဏာသိမ်းတာနဲ့ တစ်ပြိုင်နက်တည်း နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်ကို သမ္မတ အိမ်တော်ကနေ ဖယ်ရှား၊ သိပ်မကြာခင် သူဟာ သမ္မတ မဟုတ်ပါပဲ သမ္မတ အိမ်တော် တက်နေတော့တာပါပဲ။ ဒါတင်မကပါဘူး၊ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ICRC ဥက္ကဌ နဲ့ တွေ့ဆုံရာမှာ၊ ဇွန်လ ၄ ရက်နေ့ အာစီယံ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံတော် သမ္မတ အိမ်တော်က သီဟာသန ပလ္လင်အောက် ထိုင်ခုံကနေ လက်ခံ စကားပြောတာ တွေ့ကြရပါတယ်။ သူ လိုက်နာမယ်လို့ ပြောထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီပဲ၊ သူတို့အခေါ် ယာယီသမ္မတ ငုတ်တုတ် ရှိနေတဲ့တိုင် တပ်ချုပ်ဟာ တပ်ချုပ်နေရာ မနေပဲ သမ္မတ နေရာနဲ့ အဆောင်အယောင်တွေကို ဇွတ်အတင်း ၀င်ယူနေတာ အထင်းသား တွေ့နိုင်ပါတယ်။
ဒါတွေကိုကြည့်ရင် မင်းအောင်လှိုင်ကို အရှက်တရားကင်းမဲ့သူ “ အာဏာရူး” လို့ ခေါ်ေဝါ်တာဟာ နှိမ့်ချစော်ကားခြင်း မဟုတ်သလို၊ အဲလို ဘွဲ့တံဆိပ် တပ်ပေးတာဟာလည်း မှားယွင်းမှု မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

Add a Comment

Your email address will not be published. Required fields are marked *