သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူများသို့ချမပြပဲခွင့်ပြု

(ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်တစ်နေရာအား တွေ့ရစဉ်)
သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းကို အစိုးရက ပြည်သူအားချမပြဘဲ တရုတ်ကုမ္ပဏီနှင့် အေးရှားဝေါလ်သို့ အပြီးသတ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရပါသည်။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Limited နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ကို အပြီးသတ်လုပ်ခွင့်ပြုလိုက်ပြီး မေလတတိယပတ်က သဘောတူစာချုပ်ချုပ်ခဲ့သည်ဟု လျှပ်စစ်စွမ်းအား၀န်ကြီးဌာနမှ သတင်းရရှိသည်။ Hanergy Group Holding Limited၊ အေးရှားဝေါလ်ကုမ္ပဏီနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနတို့မှ Joint Venture Agreement ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ် ၃၀ အထိ (ထပ်တိုးခွင့် ၁၀ နှစ်ပါ၀င်သည့်အတွက် နှစ်ပေါင်း ၄၀ အထိ) လုပ်ခွင့်ပေးမည့် BOT စနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ၁၄၀၀ မဂ္ဂါ၀ပ်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းသာ မြန်မာကရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့အတွက် တရုတ်ကုမ္ပဏီဘက်ကထွက်ရှိမည့် ဓာတ်အားစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရယူမည်ဖြစ်သည်။ ရှယ်ယာပိုင်းတွင်လည်း မြန်မာက အခမဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ပါ၀င်ခွင့်ရမည်ဖြစ်ပြီး Hanergy နှင့် အေးရှားဝေါလ်တို့မှ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပါ၀င်ခွင့်ရမည်ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အားထက် ပိုမိုရယူလိုပါက အခမဲ့ရထားသော ပမာဏအပါအ၀င် ၅၀ ရာခိုင်နှုန်းအထိကို ကုမ္ပဏီထံမှ ၀ယ်ယူသုံးစွဲရမည်ဖြစ်သည်။ (ဥပမာအခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းဆိုပါက ၄၀ ရာခိုင်နှုန်းကို သတ်မှတ်သည့်စျေးဖြင့် မြန်မာနိုင်ငံက ပြန်၀ယ်သုံးရမည်) အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ပထမဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော်လည်း အစိုးရအနေဖြင့် စာချုပ်ပါအချက်အလက်များ၊ သဘာ၀ပတ်၀န်းကျင်နှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်ကို အများပြည်သူသို့ ချပြခြင်းမပြုမီ ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။ အေးရှားဝေါလ်ကုမ္ပဏီသည် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းကာ ယခုအထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းပေါင်း အနည်းဆုံးကိုးခုအထိ ထပ်မံလုပ်ခွင့်ရထားသူဖြစ်သည်။ အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်မှ CPI ကုမ္ပဏီတို့ပူးပေါင်း၍ မြစ်ဆုံစီမံကိန်း၊ ချီဖွေ၊ လိုက်ဇာဝူဆောက်၊ ခေါင်လံဖူး၊ ယီနန်၊ ဖီဇော၊ ဂေါလန် ရေအားလျှပ်စစ်မံကိန်းများကို လုပ်ခွင့်ရထားသူဖြစ်သည်။ ယင်းအပြင် အေးရှားဝေါလ်ကုမ္ပဏီသည် Gold Energy ကုမ္ပဏီအမည်ဖြင့်လည်း သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ တစ်ယူနစ် ၇၀ ကျပ်ပေးကာ ၎င်းထံမှ ပြန်လည်၀ယ်ယူနေရပြီဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၂၂ ခုရှိပြီး တည်ဆောက်ဆဲစီမံကိန်းပေါင်း ၁၄ ခုရှိကြောင်းနှင့် တည်ဆောက်ရန်အတွက် လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် စီစဉ်နေသည့် စီမံကိန်းပေါင်း ၅၀ အထိရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။ ပုဂ္ဂလိကသို့ တည်ဆောက်ခွင့်ပေးမည့် စီမံကိန်းပေါင်း ၅၀ တွင် ၁၀ ပုံတစ်ပုံဖြစ်သော စီမံကိန်း ၅ ခုသာလျှင် ဥရောပနိုင်ငံအချို့ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားပြီး ကျန်ရှိသော ၄၅ ခုတွင် အားလုံးနီးပါးမှာ တရုတ်ကုမ္ပဏီသီးသန့်၊ တရုတ်နှင့်ပူးပေါင်းမည့် ပြည်တွင်းရှိ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီများကသာ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။
အေးရှားဝေါလ်ကုမ္ပဏီမှ ကိုးခု၊ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ စီမံကိန်းရှစ်ခု၊ ရွှေတောင်ကုမ္ပဏီမှ တရုတ်ကုမ္ပဏီဖြင့်ပေါင်း၍ စီမံကိန်း ၁၀ ခု၊ အခြားတရုတ်ကုမ္ပဏီများက ၁၂ ခု စုစုပေါင်း စီမံကိန်း ၃၉ ခုအထိ လုပ်ကိုင်ခွင့်ရယူထားကြခြင်းဖြစ်သည်။
ထို့အတွက် စီမံကိန်းပေါင်း ၄၅ ခု၌ ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်နှင့် တရုတ်ကုမ္ပဏီများက ၃၉ ခုအထိ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားပြီး၊ စီမံကိန်းအားလုံးနီးပါးမှာလည်း နှစ်ပေါင်း ၄၀ အထိ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရမည့်စနစ်ဖြင့် လုပ်ခွင့်ရထားကြခြင်းဖြစ်သည်။
စီမံကိန်းအားလုံးနီးပါးသည်လည်း မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရရှိပြီး တရုတ်ကုမ္ပဏီများက ၉၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။
စီမံကိန်းပေါင်းများစွာကို ခွင့်ပြုပေးနေသော်လည်း မြန်မာနိုင်ငံမှ မည်သို့အကျိုးအမြတ်ရမည်၊ မည်သို့ထိခိုက်မည် စသည်တို့ကို အသေးစိတ်ထုတ်ပြန်ပေးခြင်းမရှိပဲ စာချုပ်ချုပ်ဆိုခွင့်ပြုပေးနေခြင်းမျိုးဖြစ်သည်။
လက်ရှိလုပ်ကိုင်ခွင့်ပြုထားသည့် အနေအထားများအရဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းမှာ တရုတ်ကုမ္ပဏီများနှင့် ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်ကုမ္ပဏီများ၏ လက်၀ယ်တွင်သာရှိမည်ဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *