fbpx

မင်းတပ််တိုက်ပွဲအတွက် စစ်ကောင်စီက အင်အားအများအပြား ဖြည့်ထားပြီး ဖိညှပ်တိုက်နေ၍ အခြားမြို့များ ပူးပေါင်း ထကြွပေးရန် တောင်းဆို

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွက် စစ်ကောင်စီက အင်အားအများအပြား ဖြည့်ထားပြီး ဖိညှပ်၍ တိုက်နေသဖြင့် အခြားမြို့များမှ ပူးပေါင်းထကြွပေးရန် မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုသည်။ ယမန်နေ့ မေလ ၁၄ ရက်၌ မင်းတပ်မြို့ အရှေ့ဘက် ၊ အနောက်ဘက် နှင့် မြို့တွင်း နေရာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်သားများ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မနက်ပိုင်းနှင့် နေလည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ညနေပိုင်း၌ လေယာဥ်များ အသုံးပြု၍ စစ်အင်အားဖြည့်ခဲ့သည်။ “အရှေ့ဘက်စစ်ကြော ကျောက်ထု လေယာဥ်ကွင်းမှာ လူ ၂၀၀ တင်နိုင်တဲ့ လေယာဥ်ဆင်းတယ်။ မင်းတပ်မြို့တွင်းမှာလည်း ရဟတ်ယာဥ် ၂ ခါလောက်ဆင်းပြီး အင်အား ဖြည့်တယ်” ဟု မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့၌ မြို့တွင်းနှင့် အရှေ့ဘက် စစ်ကြောတို့တွင် တိုက်ပွဲငြိမ်နေခဲ့သော်လည်း အနောက်ဖက် စစ်ကြော၌ ညဥ့်နက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ “အနောက်ဘက် မတူပီ ဗျူဟာနဲ့ ဆမီး တပ်ရင်း အင်အား ၂၀၀ လောက်က တိုးလာတယ်။
လမ်းတစ်လျှောက် ခုခံကြတယ်။ ဒါပေမယ့် အနောက် စစ်ကြောင်းက တောက်လျှောက် လက်နက်ကြီး ပစ်ပြီး တိုးလာတာ၊ မြို့နဲ့ တဖြည်းဖြည်း နီးလာပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကောင်စီဘက်က တိုက်ပွဲခဏငြိမ်နေသည့် မြို့တွင်းနှင့် အရှေ့ဘက်စစ်ကြောတို့၌ အင်အားများ ဖြည့်ထားပြီး အသင့်အနေထားရှိနေကြ သဖြင့် အနောက်ဘက်စစ်ကြောင်းက မြို့နှင့် နီးကပ်လာချိန်၌ စစ်မျက်နှာပြင်အားလုံး ဖွင့်၍ တိုက်ခိုက်လာနိုင်သည်ဟု ၎င်းကပြောသည်။ “ချင်းမြို့နယ်တွေနဲ့ ဂန့်ဂေါခရိုင်မြို့နယ်တွေက ထပေးရင် ကောင်းမှာ။ကျောက်ထု ဂန့်ဂေါ ဆော ကန်ပက်လက်တွေက မနေ့ကတော့ ဝေဖန်များလာလို့ထင်တယ်။ ဘာညာ စာရွက်ထုတ်ရေးပြီးတော့ ပစ်တာတချို့ရှိပြီး နောက်ထပ် ဘာမှ မထူးခြားလာသေးဘူး” ဟု မင်းတပ် ဒေသခံ တစ်ဦးက ပြောသည်။
မင်းတပ်တွင် စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားသည့်နေရာ သုံးခုတွင် မြို့တွင်း၌ အင်အား ၁၀၀ ကျော်၊ အနောက်ဘက် စစ်ကြော၌ အင်အား ၄၀၀ ဝန်းကျင်နှင့် အရှေ့ဘက်စစ်ကြော၌ အင်အား ၄၀၀ ကျော် ရှိနိုင်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက စစ်အင်အားများ ထပ်ဖြည့်ထားသည့် အခြေအနေအရ ခန့်မှန်း ပြောသည်။
ဓာတ်ပုံ-CJ
Than Lwin Khet News

Add a Comment

Your email address will not be published. Required fields are marked *