တူမီးကို ဘာကြောင့် လေယာဥ်နဲ့ တိုက်ရသလဲ။

ပြောလို့မှ မဆုံးသေးခင် မင်းတပ်မှာတူမီးအဖွဲ့ကို လေယာဉ်နဲ့တိုက်သွားတယ်။ တူမီးကို ဘာကြောင့် လေယာဥ်နဲ့ တိုက်ရသလဲ။ စစ်ပညာ သဘောတရားနဲ့အညီ စနစ်တကျ လုပ်တာပါ။ ဒါဟာ တန်ပြန်ပြောက်ကျားစစ် သေနင်္ဂဗျူဟာအရ လုပ်တာပဲ။
စစ်ရဲ့တရားတွေဟာ အသေမဟုတ်ဘူး။ အမြဲတမ်းရှင်သန် တိုးတက်နေတယ်။ ကိုယ့်ဖက်ကချည့် တိုးတက်တာ မဟုတ်ဘူး။ သူ့ဖက်ကလည်း တိုးတက်နေတာပါ။ ပြောက်ကျားစစ် သေနင်္ဂဗျူဟာနဲ့ ဆော်ထည့်လိုက်တာ ဗီယက်နမ်လို ဆင်းရဲနိမ့်ကျတဲ့ နိုင်ငံကလေးမှာ ကမ္ဘာ့ ပထမထိပ်သီး လက်နက်နိုင်ငံကြီး အမေရိကန်တောင် ဖင်သနီလန်အောင် ထွက်ပြေးရသေးတယ် မဟုတ်လား။ ဒါက ကိုယ်နိုင်တဲ့ ပွဲကို ပြောတာ။
ဘိုလစ်ဗီးရား စစ်မြေပြင်မှာ ကမ္ဘာကျော် ပြောက်ကျားပါရဂူ ရဲဘော်ချေဂွေဗားရား ကျဆုံးခဲ့ရတယ်။ ဘာကြောင့်လဲ။ စစ်ပွဲရှုံးရင် ရှုံးရတဲ့ အကြောင်းတရားရှိတာပေါ့။ ဘယ်အရာမဆို အကျိုးမဲ့ အကြောင်းမဲ့ မဖြစ်ပါဘူး။
ရဲဘော် ချေဂွေဗားရားတင် ကျဆုံးခဲ့တာ မဟုတ်သေးဘူး။ ပြီးခဲ့တဲ့ ရာစုနှစ်တဝက်ကာလအတွင်းမှာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့မှာရှိတဲ့ ပြောက်ကျားတော်လှန်ရေး အားလုံးနီးပါး ရှုံးနိမ့်ခဲ့ရတယ်။ ဗမာပြည်တော်လှန်ရေးက ခြွင်းချက်ပဲ။ ကမ္ဘာတခုလုံးမှာ ပြောက်ကျားစစ်တွေ ရှုံးခဲ့ပေမဲ့ ဗမာပြည် ပြောက်ကျားစစ်ပွဲက အလံမလှဲခဲ့ဘူး။ ကွန်မြူနစ်ပါတီ သေလုခမန်းဖြစ်တာတောင် ပြောက်ကျားစစ်က မသေဘူး။ အံ့ဖွယ်ပါပဲ။
နှစ် ၇၀ ပြည်တွင်းစစ်ကြီး အောင်ပွဲ မခံနိုင်သေးတာဟာ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေသေးလို့ပဲ။ ပြည်တွင်းစစ်ဟာ အောင်ပွဲမခံနိုင်သေးတာ သက်သက်မဟုတ်ဘူး။ တဖက်မှာ မပြိုမလဲ တိုက်ပွဲဝင်နိုင်စွမ်း ရှိနေသေးတာကိုလည်း ​​မြင်ရပါမယ်။ ဗမာပြည် ပြောက်ကျားတိုက်ပွဲဟာ ကမ္ဘာ့အရင်းရှင်စနစ်ကြီး တခုလုံးနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတာတောင် ဘာကြောင့် #အလံမလှဲစတမ်း ဆက်ပြီး တိုက်ပွဲဝင်နေ နိုင်သေးတာလဲ။ ဒီအတွက် အဖြေက ရိုးစင်းပါတယ်။ ကျွန်တော်တို့မှာ အားကောင်းချက်တွေ ရှိနေလို့ပါပဲ။ ကျွန်တော်တို့ဟာ ဒီအားကောင်းချက် အားနည်းချက်တွေကို စနစ်တကျ သတ္ထုချပြီး ပြောက်ကျားစစ်ကို ခေတ်နဲ့အညီ အသစ်ပြန် ဆင်နွှဲကြတာဖြစ်တယ်။
မင်းတပ်မှာ မအောင်မြင်တဲ့ ၁၀ရက်ကြာညှိနှိုင်းမှုအပြီး တိုက်ပွဲတွေ ပြန်ပေါ်လာရာမှာ စစ်တပ်က အဝေးပစ်လက်နက်ကြီးတွေ ထုတ်သုံးလာတယ်။ မင်းတပ်အရှေ့ဘက် ၃ မိုင်အကွာ ထင်ချောင်းလမ်းခွဲအနီးမှာ ပခုက္ကူဘက်က စစ်ကူတက်လာတဲ့ စစ်ကား ၅ စီးကို ဒီကနေ့ မေ ၁၃ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ လူထုက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ကားတွေ ရှေ့မဆက်နိုင်ဘဲ အပြန်အလှန်ပစ်ခတ်မှုတွေက မွန်းလွဲပိုင်းအထိရှိနေခဲ့တာပါ။
စစ်ကောင်စီတပ်က ပခုံးထမ်းလောင်ချာတွေနဲ့ ထုရုံမက ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ ကျောက်ထုက ၁၈ မိုင်ဝေးပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုနဲ့အတူ လက်နက်ကြီးတွေပါ အသုံးပြုလာတာကြောင့် တိုက်ပွဲဟာ ပိုပြင်းထန်လာခဲ့ပါတယ်။ လက်နက်ကြီး ကျည်တွေက မြို့အနှံ့ ကျပြီး ပေါက်ကွဲနေတာပါ။ စစ်အုပ်စုဟာ မင်းတပ်က အရပ်သား ပစ်မှတ်တွေကို ရည်ရွယ် တိုက်ခိုက်နေတာပါ။
ပြောက်ကျားစစ်ဟာ သူ့ထက် အင်အားအဆမတန် သာလွန်တဲ့ စစ်တပ်ကြီးတွေကို အောင်မြင်ဖြိုခွင်းနိုင်တဲ့ သမိုင်းကလည်း အခိုင်အမာရှိတယ်။ ပြောက်ကျားရဲ့ အဓိက အားသာချက်က လူထုစစ်ပွဲဖြစ်ခြင်းပဲ။ ပြောက်ကျားရဲ့ အဓိက အားနည်းချက်ကလည်း လူထုမပါဘဲ တိုက်ပွဲဆင်လို့ မရတာပါပဲ။
ဒါကိုသိတဲ့ ဖောက်ပြန်ရေးသမား စစ်ဝါဒီတွေဟာ သက်နုပြောက်ကျားကို အင်အား မတန်တဆနဲ့ ချေမှုန်းတယ်။ ဧရာဝတီတိုင်း ထော်ပိုင်စစ်ဆင်ရေးမှာ ကရင်သူပုန် ၄၀ လောက်ကို တပ်မသုံးခုနဲ့ ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး နှိမ်နှင်းတယ်။ ကရင်သူပုန် ခြေကုပ်မရခဲ့ဘူး။
ရခိုင်ကိုလည်း အလားတူ ကြည်းရေလေစစ်ဆင်ရေးနဲ့ ချေမှုန်းတာပဲ။ တောင်တန်းကြီးတွေ တဟုန်းဟုန်းထအောင် လေယာဥ်ပေါ်ကနေ ဗုံးတွေကြဲချခဲ့တာပါ။ ဒါပေမဲ့ ရခိုင်သူပုန် အောင်ပွဲရသွားတယ်။ ဘာကြောင့်လဲ။ စစ်တပ်ဟာ ရခိုင်လူထုကို မဖြိုခွဲနိုင်ခဲ့လို့ပါ။
အခုလည်း မင်းတပ်ကို စက်သေနတ်နဲ့ တူမီးနဲ့တိုက်တယ်။ ရှုံးတယ်။ အမြှောက်တပ်နဲ့ တူမီးနဲ့ တိုက်တယ်။ ရှုံးတယ်။ ဒါကြောင့် တူမီးကို လေယာဥ်နဲ့ ဗုံးကြဲတာပဲ။ လူထုကို ကြောက်လန့်သွားအောင် စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေတာပါ။ လူထုက ရခိုင်ကို နမူနာယူပြီး တူမီးတပ်ကို ရဲရဲဝံ့ဝံ့ ထောက်ခံရမယ်။ စစ်ရဲ့ အခြေခံတရားတွေကို လိုက်နာရမယ်။ တိုက်ပွဲတိုင်းကို တီထွင်မှုရှိရှိ စနစ်တကျ ထိုးထွင်းရင်ဆိုင်ရမယ်။
တူမီးကို လေယာဥ်နဲ့တိုက်တယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူး။ သက်နုပြောက်ကျားကို လူထု မထောက်ခံဝံ့အောင် လုပ်နေတာ။ ဒါက တန်ပြန်ပြောက်ကျားစနစ်ပဲ။ သူတို့ ဒီလို နှိမ်နှင်းတဲ့ကြားက လူထုက ထောက်ခံလို့ ရခိုင် အောင်ပွဲ ရတာကို အနီးကပ်ကြုံဖူးကြပါပြီ။
မမေ့ မလျော့ မပေါ့ဆကြပါနဲ့။ အောင်ပွဲက လက်တကမ်းမှာပါ။ အဓိကက လူထုပါ။လူထုညီဖို့ပါ။
သူတို့က ဒီလူနဲ့ချည်းပတ်တိုက်ရတာပါ။လူထုက လူလဲ​သေကွဲ တိုက်လို့ရပါတယ်။
ပြောက်ကျားကို သက်နုဘဝမှာ ဖြိုခွဲမခံရရင် အောင်ပွဲရဖို့ ၆၀% သေချာပါတယ်။
တင်မြင့်ဇော်

Add a Comment

Your email address will not be published. Required fields are marked *