မင်းတပ်မှာ တိုက်ပွဲတွေကြောင့် မျိုးနွယ်စုတွေ ပျောက်ကွယ်မှာ ဒေသခံတွေ စိုးရိမ်နေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ လူအနည်းစုသာ ရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ နေထိုင်ကြတာဖြစ်လို့ စစ်ရှိန်မြင့်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာရင် မျိုးနွယ်စုတွေ ပျောက်ကွယ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
မင်းတပ်မှာ ဒီနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာဆိုရင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူတွေဘက်က ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဆလိုင်းထန်းဟုန်းထန်း ကျဆုံးခဲ့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်က မင်းတပ်ကို စစ်အင်အားတွေ ထပ်မံဖြည့်နေပြီး စစ်လေယာဥ်တွေနဲ့ပါ တိုက်ခိုက်ဖို့ စီစဥ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေက
တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။
“ရွာတွေကို မျိုးနွယ်စုတစ်ခုသော်လည်းကောင်း၊ မျိုးနွယ်စု နှစ်ခု သုံးခုသော်လည်းကောင်း တည်ထောင်ကြတာ။ အကယ်၍ စကစ ဘက်က ရွာလုံးကျွတ် ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်ခတ်တာနဲ့ လေကြောင်း တိုက်ခိုက်ခဲ့မယ်ဆိုရင် လူမျိုးတုန်း သတ်ဖြတ်မှု ရာဇဝတ်ကို ကျူးလွန်ရာမြောက်ပါတယ်” လို့
မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ မင်းတပ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက မတူပီဘက်ကနေ စစ်ကူတွေ ထပ်လာနေကြသလို မြို့တွင်းမှာ ရောက်နှင့်နေပြီးဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက RPG လက်နက်ကြီးတွေနဲ့အတူ အ.ထ.က ကျောင်းဝန်းထဲမှာ နေရာယူထားတယ်လို့ မင်းတပ်မြို့ခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ဘက်တွေမှာ နေထိုင်ကြတဲ့ ချိုးချင်းတိုင်းရင်းသား မျိုးနွယ်စုကို မွင်း၊ ဒိုင်၊ မကာန်း၊ အုပ်ပူး၊ ဒါးရင်ဒူးနဲ့ ငရ လူမျိုးစုတွေအဖြစ် ပြန်ခွဲခြားနိုင်ပြီး အုပ်စုအလိုက် Clans-Groups-Family တွေ အဆင့်ဆင့် စုစည်းကာ ကျေးရွာတွေ ထူထောင် နေထိုင်ကြတယ်လို့ သိရပါတယ်။
တိုင်းရင်းသားမျိုးနွယ်စုအလိုက် ပိုင်နက်မြေ-ရွာအလိုက် ပိုင်မြေ- လူမျိုးစုအလိုက် ပိုင်မြေ၊ မျိုးရိုးစုအလိုက်ပိုင်မြေ ဆိုပြီး ရှိကြတယ်လို့ သိရပါတယ်။
ချင်းလူမျိုးစု ၅၃ မျိုးရှိရာမှာ မင်းတပ်မြို့မှာ နေထိုင်တဲ့ လုမျိုးစုတွေက အခြားဒေသမှာရှိတဲ့ လူမျိုးစုတွေထက် လူဦးရေအနည်းဆုံးဖြစ်ပြီး အချို့ရွာတွေမှာဆို မျိုးနွယ်စုအလိုက် လူဦးရေ တစ်ရာလောက်သာ နေထိုင်ကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *