KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

စစ်သင်တန်းတက်ရာကပြန်လာတဲ့ လူငယ် ၇၂ ယောက်ကို စစ်ကောင်စီတပ်တွေက ဖရူဆိုမြို့နယ်ထဲမှာ ဧပြီလ ၃၀ ရက်နေ့တုန်းက ဖမ်းဆီးလိုက်တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက အတည်ပြုကြပါတယ်။ သင်တန်းကနေ နေရာအသီးသီးအသို့ပြန်ဖို့အတွက် ကားနဲ့လာတဲ့လမ်းမှာ အဖမ်းခံရတာလို့ အမည်မဖော်လိုသူတစ်ဦးက ရှင်းပြပါတယ်။ အဖမ်းခံလိုက်ရတဲ့ အသက် ၂၀-၃၀ အရွယ်ရှိလူငယ်တွေဟာ အခုတော့ ထောင်ထဲမှာပါ။ ဖမ်းဆီးခံရတဲ့အထဲ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပါတယ်။ မြေသယ်ကား နှစ်စီး (Dump truck) နဲ့ တောကနေ မြို့ပေါ် အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ လူငယ်တချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ဖုန်းတွေကိုဖွင့်စစ်တဲ့အခါ သင်တန်းတက်နေတဲ့ ဓာတ်ပုံတွေပါ တွေ့ရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“ဆယ်လီနိုင်ငံရေးလုပ်ချင်တဲ့ ပြသနာပါ။ သေနတ်ကိုင်ထားတဲ့ပုံတွေကို လိုင်းပေါ်တင်ကြ၊ ပြီးတော့ ဖုန်းတွေမှာ အဲဒီပုံတွေကို သိမ်းထားတယ်။ အဲဒီဟာတွေကို ရှာတွေ့သွားတာပါပဲ။” အခုလို ဖမ်းဆီးခံရတဲ့အထဲက ဘယ်နှစ်ယောက်ရဲ့ဖုန်းမှာ အခုလိုတွေ့ရှိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါ။ လူငယ်တွေဟာ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ (KNPP) ဆီမှာ သင်တန်းသွားတက်ခဲ့ကြတာလို့သိရပါတယ်။

သင်တန်းသားတချို့ရဲ့ တောင်းဆိုမှုကြောင့် KNPP ကလည်း သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပါ ထုတ်ပေးတယ်လို့သိရပါတယ်။ ကရင်နီလူငယ်သတင်းရင်းမြစ်ကတော့ အခုလိုမျိုး သင်တန်းလက်မှတ်ထုတ်ပေးတာတွေ၊ ဓာတ်ပုံရိုက်သိမ်းထားတာတွေ၊ မိမိဘာလုပ်နေကြောင်း ခင်မင်ရသူ သူငယ်ချင်းတွေကို ပေးသိတာတွေဟာ မလုပ်သင့်တဲ့ ကိစ္စတွေဖြစ်ကြောင်း သူက ထောက်ပြပါတယ်။

“Gen-Y/ Gen-Z လူငယ်တွေအနေနဲ့ ဓာတ်ပုံရိုက်တင်တာတွေ မလုပ်ဖို့လိုအပ်ပါတယ်။” လို့ သူကပြောပါတယ်။

လူငယ်တချို့ဆို လူလုံးထွက်ပြပြီးတော့ နိုင်ငံတကာသတင်းဌာနနဲ့အင်တာဗျူးတွေအထိပါ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ကရင်ပြည်နယ် ရွှေကျင်မှာလည်း နယ်စပ်ကပြန်လာတဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးတဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီသတင်းနဲ့ပတ်သတ်ပြီးတော့ စစ်ကောင်စီက အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိပါ။ လက်ရှိအချိန်မှာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ လူငယ်တွေကို သင်တန်းပို့ချမှုတွေရှိနေပါတယ်။

ဒါပေမဲ့လည်း တော်လှန်ရေးကိုစတင်တဲ့လူတွေအဖို့ ခက်ခဲကြမ်းတမ်းပြီး၊ အရင်လိုနေတဲ့ အလေ့အကျင့်တွေကို အကုန်ပြုပြင်ရမယ့်အကြောင်းတွေ၊ စည်းကမ်းလိုက်နာမှုတွေအကြောင်းကို KIA ကလည်း အထူးသင်ကြားပို့ချတာတွေရှိပါတယ်။

သတင်း – မိုးမြင့်

Add a Comment

Your email address will not be published. Required fields are marked *