ကမ္ဘာမီးလောင် သားကောင်ချနင်း


ဘဏ်တွေမှာလူတွေတန်းစီနေတာမြင်တော့ ငယ်ငယ်တုံးက သမဝါယမဆိုင် ရေနံဆီ တန်းစီရတာ သတိရမိတယ်။ ဘဏ်ဝန်ထမ်းတွေကလည်း သမဝါယဝန်ထမ်းတွေလိုပဲ အတော်အပေါက်ဆိုးလာတယ်။ သူတို့အပေါ်ဖိစီးလာတဲ့ ဖိအားတွေကြောင့် ဖြစ်မယ်လို့ ကိုယ်ချင်းစာတွေးပေးပါတယ်။ ဒါပေမဲ့ ကြားသိရသမျှကတော့ ဘဏ်လုပ်ငန်းရှင်ရယ်၊ ဘဏ်ဝန်ထမ်း ရယ်ပေါင်းစားပြီး လုပ်စားခွင် ချဲ့နေတယ်လို့သိရတယ်။ ခရိုနီတွေပြီပြီ မျက်နှာဖုံးတွေကွာကျလာပြီး အတွင်းသရုပ်တွေပေါ်လာတယ်။ ဗဟိုဘဏ်က ဘယ်လိုညွှန်ကြားထားလဲတော့မသိဘူး။ အရေးကြီး စီးပွားရေးလုပ်ငန်းတွေ နှင့် ဦးစားပေးသွင်းကုန်အတွက် ခွင့်ပြုပေးထားတဲ့ ငွေသားထုတ်ယူမှု၊ လွှဲပြောင်းပေးချေမှု ဆိုင်ရာ ညွှန်ကြားချက် တွေ အပေါ်မှာ ဟာကွက်ရှာ ကစားပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ပုံစံဖြစ်လာတယ်။

ဘဏ်က ၅% ပေးရင်ငွေထုတ်ပေးတယ် ဘဏ်ဝန်ထမ်းက ထပ်ဆောင်း % ထည့်ပြီးကိုယ်ကျိုးရှာတယ်။ ငွေလုံးလုံးဆုံးတာထက်စာရင် ရသမျှ အမြတ်ပဲဆိုပြီး ငွေများများအပ်တဲ့သူတွေက ခိုင်ကြေးပေးပြီးထုတ်တယ်။ ငွေလေး သိန်း တရာပတ်လည်လောက်ပဲ စုဆောင်းပြီး ဘဏ်ထည့်ထားတဲ့သူက ခိုင်ကြေးပေးရမှာ နှမြောတော့ ATM အသုံးစရိတ်ရဘို့ပဲထုတ်တယ်။ ဘဏ်စာရင်း ရှိရင် တချိန်မှာ ပြန်ထုတ်နိုင်မှာပဲ စိတ်နဲ့ သီးခံစောင့်စားနေကြတယ်။ တချို့လဲ ကိုယ်ဆွေမျိုးနဲ့ မိတ်ဆွေတွေပေါင်းပြီး ဆယ်လေးငါးယောက် အစုအဖွဲ့ ဖွဲ့တယ်။ မနက်စောစော ATM တကာ လည်ပြီး နေ့စဉ်ငွေထုတ် operation ကြီးလုပ်ကြတယ်။ တရုပ်တွေအများစု ဇွဲကောင်းကောင်းနဲ့ လုပ်တာသတိပြုမိတယ်။

ဦးသိန်စိန်လက်ထက်က ဘဏ်အပ်ငွေက ၁၀ ထီလျှံကျော်ကျော်လေးပဲရှိတယ်။ နောက် NLD တက်လာရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာမှာပါမျှော်ပြီး မြေကစားကျတယ်၊ ဆောက်လုပ်ရေး စီမံကိန်း ကြီးတွေပြင်ကျတယ်။ ၂၀၁၅ နောက်ပိုင်း NLD တက်လာတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်တော့ဘူးဖြစ်လာတယ်။ ရခိုင်အရေးနဲ့ ဆက်စပ်ပြီး NLD အစိုးရနိုင်ငံတကာ အမြင်မှာ ပုံရိပ်ကျလာတော့ ရင်းနှီးညမှုပ်နှံမှု ထင်သလောက်မရဘူး။ Real estate ခွင်စောင့်နေသူတွေအားလုံး ပက်လက်လန်ကုန်တယ်။ Tourism ကျသွားတယ်။ ဒီတော့ လက်ထဲကိုင်ထားတဲ့ ငွေတွေ ဘဏ်တွေထဲပြုံအပ်ကြတယ်။ ဒါနဲ့ NLD လက်ထက် ဘဏ်အပ်ငွေက 30 ထီလျှံအကျော်ထိ ခုန်တက်သွားတယ်။

ဦးသိန်းစိန်လက်ထက် ဘဏ်လုပ်ငန်းဖြေလျှော့ပေးလို့ ဘဏ်တွေ ငွေမဲ ငွေဖြူလျှော်ဖွက်ရေး ပက်ပက်စက်စက်လုပ်ကြတယ်။ စည်းကမ်းကလာနားဘောင်ကျော်ပြီး မလိမ့်တပတ်နဲ့ overdraft တွေနဲ့ ကိုယ့်အမျိုး စီမံကိန်းတွေငွေချေးကြတယ်။ သိန်းတရာတန်အိမ် သိန်းတထောင်ရာဖြတ်ပြီး သိန်းနှစ်ရာငါးဆယ်ထုတ်ချေးပေးကြတယ်။ အိမ်ရှင်က အိမ်သိမ်းချင်သိမ်း ပြန်မဆပ်ဘူးဆိုတော့ ဘဏ်က အိမိသိန်းဘို့ ရှေ့နေကြေး အပိုကုန်ကျမှာသာ အဖတ်တင်တယ်။ ရသလောက်နဲ့ ပြန်ရောင်းလဲ မထွက်လောက်ပါ။ ဘဏ်ကြီး တဘဏ် ဆိပ်ကမ်းစီမံကိန်း တိုးချဲ့ရေး ဒေါ်လာသန်း၂၀၀ ကျော် ငွေထုတ်ချေးတယ်။ စီမံကိန်းလုပ်တဲ့ ကုမ္ပဏီက နောက်ပိုင်း ဒေဝါလီခံတော့ ချေးငွေပလုံရော။ ဒီလိုနဲ့ NLD လက်ထက် Non Performance Loan NPL တွေစုပုံလာတယ်။ ဗဟိုဘဏ်က တင်းကြပ်တော့ ဝိုင်းအော်ကြတယ်။ ဒါနဲ့ NPL တွေ ၃ နှစ်နဲ့ရှင်းဆိုပြီး အချိန်ပြန်ဟပေးလိုက်တယ်။ ဘဏ်အပ်ငွေလည်း တိုးလာတော့ ဘဏ်တွေနည်းနည်းခံသာသွားတယ်။ Mobile banking အောင်မြင်တဲ့ ဘဏ်တွေ မျှော်လင့်ချက်သန်းလာတယ်။ ပြည်ပဘဏ်တွေ ပြည်တွင်းလုပ်ခွင့်ပေးလိုက်တော့ ဘဏ်ကြီးတွေ အကျိုးတူပူးပေါင်းလုပ်ရင်း အခြေအနေကောင်း နိုင်သလိုလိုရှိလာတယ်။ ခုတော့အားလုံးက ပုံပြင်ဖြစ်သွားပြီ။ ၃၀ ထီလျှံကျော် အပ်နှံငွေမှာ တဝက်လောက်က အလယ်အလတ်လူတန်းစားက အပ်နှံတာလို့မှန်းတယ်။ ဒီလူတွေအကုန်လုံးက ဘဏ်တွေရှေ့ တန်းစီကုန်ကြပြီ။ ဘယ်လိုလုပ်ကြမလဲ။

ဘဏ်တွေ မပြိုလဲရေး ဗဟိုဘဏ်ကကော ဘဏ်ရှင်တွေကိုယ်တိုင်ကကို ငွေ ထုတ်ကို တင်းကြပ်လိုက်ပုံရတယ်။ ဒီအတွက် ဘဏ်လုပ်ငန်းတခုလုံးအပေါ်မှာ ပို အယုံအကြည်မဲ့သွားတာဟာ နောက် ဆယ်နှစ်အတွင်း ပြန်ကောင်းလာနိုင်စရာမရှိတော့ဘူး။ ဘဏ်ခွဲ က တထောင်နှစ်ထောင် ATM က တထောင် လောက်ရှိမလား။ ဘဏ်တခု တနေ့ကို လူ၄၀ နှုန်း တယောက်သိန်း ၂၀ ထုတ်ပေးရင် သိန်းတထောင်ပတ်လည်ထုပ်ပေးရမယ်။ ATM တလုံးက လွန်ရောကျွံရော သိန်းတရာပေါ့ အလုံးတထောင်ဆိုရင် တနေ့ သိန်းတသောင်း သန်းတထောင် တစ်ဘီလျှံကျပ်ရှိမယ်။ ဘဏ်ခွဲ ၂၀၀၀က တနေ့ ဘီလျှံ ၂၀ ရှိမယ်။ ကျန်စီးပွားရေးလုပ်ငန်းနဲ့ လစာပေးတာတွေပေါင်းလိုက်ရင် တနေ့ ဘီလျှံ ၃၀ လောက် ငွေထုတ်ထုတ်ရှိမယ်။ တစ်ထီလျှံက ဘီလျှံတထောင် ဆိုတော့ တစ်လကို တစ်ထီလျှံ ထုတ်ငွေရှိမယ်။ ဘဏ်အပ်ငွေ ၃၀ထီလျှံမှာ ငွေသားက ဗဟိုဘဏ်မှာရော ဘဏ်တွေမှာရော လွန်ရောကျွံရောရှိ ၁၀ ထီလျှံလောက်ပဲ ရှိမယ်။ ဒီတော့ ဘဏ်အပ်ငွေ အသစ်ထပ်မရှိရင် ဆယ်လ တနှစ်နဲ့ကို ငွေပြတ်သွားနိုင်တယ်။ ဒီတော့ လကြာလာလေ ငွေ ထုတ်ပမာဏ နည်းအောင် ကန့်သတ်လေနည်းနဲ့ပဲ ထိန်းချုပ်မယ်ထင်ပါတယ်။

ဒီလိုလုပ်တာ စီးပွားရေးမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချတာနဲ့ အတူတူပါပဲ။ လူတွေအားလုံးက panic ဖြစ်သွားပြီဖြစ်တယ်။ စီးပွားရေး ကြုံ့ယုံတင်မကဘူး ပျက်တဲ့ အဆင့်ရောက်သွားမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံခြား မီဒီယာတွေက failed state လို့သုံးတာဖြစ်တယ်။ ရေနံ သဘာဝဓာတ်ငွေ့က တဖြေးဖြေးအထွက်နှုန်းတွေကျနေလို့ တိုင်းပြည်ဝင်ငွေကျနေတာ လေးငါးနှစ်ရှိနေပြီ။ ကမ်းရိုးတန်းရေနက်ပိုင်း အသစ်တွေ့ရှိတဲ့ တွင်းတွေ ၂၀၂၄ လောက်အမှီထုတ်နိုင်မှ တော်ကာကျမယ်။ ရင်းနှီးမြှုပ်နှံငွေ လိုရုံတင်မက နည်းပညာလိုတယ်။ တရုတ် ရုရှားနည်းပညာလောက်နဲ့တင်မရပါ။

အထည်ချုပ်လုပ်ငန်းက တနှစ် ၂ ဘီလျှံ ရှာပေးတယ်။ ဒီလုပ်ငန်းပြန်စဘို့က အတော်ခက်သွားပြီ။ ပြည်ပက ကုန်ကြမ်းသွင်းရတာ အချိန်မှီ ဈေးကွက်ပို့ရတာတွေကနောက် တနှစ်အတွင်း ပုံမှန် ဖြစနိုင်ဘွယ်မရှိ၊ ဥရောပ သမဂ္ဂဈေးကွက်ကို အားထားနေရတာမို့ trade flowက မပိတ်ဆို့တောင်မှ barrier များမယ်။ ဘယ်လောက်ကြိုးစား ကြိုးစား တစ်ဘီလျံ $ မရနိုင်ဘူး။

စိုက်ပျိုးရေးထွက်ကုန်တွေက ခရိုနီလက်ကြီးတွေကိုင်ထားတာမို့ အတိုင်းအတာ တခုထိတော့ export ဆန်၊ပဲ၊ သားငါး ရှိနိုင်ပါတယ်။ သို့သော် ဒီလုပ်ငန်းရဲ့ ပို့ကုန်ဝင်ငွေရာခိုင်နှုန်းက ၁၀% ပတ်လည်ပဲရှိတော့ သွင်းကုန် လိုအပ်ချက်နဲ့ ယှဉ်ရင် ဆင့်ပါးစပ် နှမ်းပက်ပဲ။

​တိုင်းပြည် တရားဝင်ကော တရားမဝင်ကောရတဲ့ ကျောက်စိမ်း ဝင်ငွေက ငွေလည်ပတ်မှု cash flow ကို မကူနိုင်တော့ဘူး။ ဖားကန် မှာ တည်ငြိမ်မှုမရှိတော့ ခိုးတူး၊ ခိုးသယ်၊ ခိုးရောင်းတောင်မှ အရင်ထက်စာရင် အများကြီးနည်းသွားပြီ။ ရွှေလဲ ဒီအတိုင်းပါပဲ၊ ခိုးတူးတွေရှိမယ် အောက်ဈေးနဲ့ ပိုထု​တ်ပြီး အရင်လောက် ငွေမရနိုင်တော့ပါ။

စွမ်းအင်ကလည်း ပြဿနာ အသစ် ဖြစ်လာမယ်။ NLD လက်ထက် $ ငွေဈေးတည်ငြိမ်တဲ့အပေါ်မှာမူတည်ပြီး ဓာတ်အားခ တိုးကောက်တယ်၊ ရေတိုလျှပ်စစ်လိုအပ်ချက်ကို LNG နဲ့ Gas နဲ့ ဖြည့်ဆီးတယ်။ LNG တင်သွင်း နေရတာကနေ နောင်ထပ်ထွက်မဲ့ ဓာတ်ငွေ့အပေါ်အခြေတည်ပြီး ပြည်တွင်း မှာ ထုတ်သုံးနိုင်အောင် စီမံကိန်းတွေ အချိတ်အဆက်လုပ်ထားတယ်။ ခုစီမံကိန်း တွေမရှိနိုင်တော့ အစီအစဉ်ပျက်သွားပြီ။ ဒေါ်လာလဲနှုန်းက ၁၅၀၀ ကျော်သွားတော့ ဓာတ်အားခ က တယူနစ် ၇ ဆင့်လောက်ပဲရှိတော့တယ်။ တယူနစ် ၉ ဆင့်လောက်မှ မရရင် ဓာတ်အားထုတ်တဲ့ ဘယ်ကုမ္ပဏီက မှ မရပ် တည်နိုင်ဘူး။ ကြားက စိုက်မပေးနိုင်ရင် လက်ရှိ LNG မီးလဲ အလွန်ဆုံးနောက် 6 လပါပဲ။ Solar ဓာတ်အား ၁၀၀၀ မီဂါဝပ် ထုတ်ဖို့ တရုတ်တွေ တင်ဒါအောင်ထားတယ်။ ငွေဈေးနဲ့ လက်ရှိအခြေအနေမှာ တရုပ်တွေ ဆက်မလုပ်နိုင်လောက်ပါ။ ကျောက်မီးသွေး၊ရေအား အချိန်တိုအတွင်း မတည်နိုင်ပါ။

လက်ရှိအုံကြွမှုအနေအထားအရ ရွေးကောက်ပွဲ တနှစ်အတွင်း မကျင်းပ နိုင်ရင် ကျင်းပမယ်ဆိုတာ စီးပွားရေး အရအသက်က ငင်နေပြီ။ လိုငွေ budget deficit ဖြည့်ပေးတဲ့ နိုင်ငံတကာအကူအညီနဲ့ FDI ကလည်း မရှိတော့ပါ။

ဘူးလေးရာဖယုံဆင့်မှာက ရှိပါသေးတယ်။

သဘ ာဝဘေး အထူးသဖြင့် မုန်တိုင်း နဲ့ ရေကြီးရေလွှမ်းက ဆယ်နှစ်တခါ cycle နဲ့ လာလေ့ရှိပါတယ်။ ရာသီဥတုပြောင်းတော့ ခုနှစ်နှစ်တခါလောက် ဖြစ်လာပါတယ်။ပြီးခဲ့တဲ့ ငါးနှစ် တုံးက ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့တာမို့ သတိကြီးစွာထားပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့ စကားပုံရှိတယ်မဟုတ်ပါလား။

ဆြာဝင်းမျိုးသူ

Add a Comment

Your email address will not be published. Required fields are marked *