ကချင်ပြည်နယ် နေရာအနှံအပြားတွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲဖြစ်ပွားနေ၊ အချို့မြို့နယ်များတွင် တိုက်ပွဲပြင်းထန်လျက်ရှိ

ကချင်ပြည်နယ်၊ နေရာအနှံအပြားတွင် စစ်ကောင်စီတပ်များ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း (KIO /KIA)သတင်းနှင့်ပြန်ကြား‌ရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားရာတွင် အလောဘွမ်တစ်လျှောက် နှင့် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ဖားကန့်၊တနိုင်း စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် မတ်လ (၂၅) ရက်နေ့တွင် အလောဘွမ်အား ထိုးစစ်ဆင်ကာ သိမ်းပိုက်ရယူခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
” ကျွန်တော်တို့ဘက်ကနေစပြီး ထိုးစစ်ဆင်တာက အလောဘွမ်ရယ်၊ ဆယ်ဇင်းအနီးတစ်ဝိုက်နဲ့ စခန်းငယ်တွေလောက်ပဲရှိတာပါ။ ကျန်တာတွေက ခုခံတိုက်ခိုက်တာပဲရှိတယ်။ ခုလည်းအလောဘွမ်တောင်ခြေတစ်လျှောက်မှာ နေ့တိုင်း ခုခံပစ်နေရတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ဂျက်လေယာဉ်တွေ၊ ဟယ်လီကေ့ာပ်တာတွေ၊ လက်နက်ကြီး/ ငယ်တွေနဲ့ နေ့တိုင်းပစ်နေတာ ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ အလောဘွမ်တောင်‌ခြေတစ်လျှောက်တွင် စစ်ကောင်စီတပ်မှ တပ်မ (၇၇)၊ တပ်မ (၈၈)နှင့် နယ်ခံတပ် ခမရ (၃၂၀) တို့ ထိုးစစ်ဆင်ကာ ပစ်ခတ်မှုများရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
” ဒီမနက်တော့ လက်နက်ကြီးသံတော့မကြားသေးဘူး။ ရန်ကုန်မှာ နေတဲ့ တပ်မ (၇၇) တွေတောင်လာပြီဆိုတော့ စစ်ရေးအရ ပြင်းထန်လာတဲ့သဘောပေါ့ ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ရှင်းပြသည်။ ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း(၁၈) မြို့နယ်ရှိပြီး ကချင်လွတ်လပ်ရေးတပ်‌မတော် (KIA) အနေဖြင့် မိမိတို့၏ ပိုင်နက်နယ်မြေအတွင်း ထိုးစစ်ဆင်လာသောကြောင့် ခုခံတိုက်ခိုက်ရခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
သတင်း – မြစ်ကြီးနားသတင်း

Add a Comment

Your email address will not be published. Required fields are marked *