အယူစွဲပြီး လွဲကုန်ကြမှာ စိုးလို့ပါ။

ဥဩ
နွေဦးတော်လှန်ရေးကြီးစကြတော့ နေရာတိုင်းမှာ “ကမ္ဘာမကြေဘူး” သီချင်းကို သံပြိုင်ဟစ်ကြွေးကြတယ်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာဘဲ “ကမ္ဘာမကြေဘူး” သီချင်းထဲက ‘…ပေတစ်ရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး…’၊ ‘…ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ…’ စတဲ့ စာသားတွေက အတိတ်နိမိတ် မကောင်းဘူးဆိုပြီး စာသားတွေကို သူတို့သဘောကျ အတိတ်နမိတ်ကောင်းမယ်ထင်တာလေးတွေ ပြောင်းဆိုကြတော့တာပဲ။ သွေးသံရဲရဲ သီချင်းစာသားတွေဆိုရင် လူသေတယ်ပေါ့။
အခုလည်း မဟာသင်္ကြန်တွင်းမှာ ပြုလုပ်ခဲ့တဲ့ သွေးမတိတ်သပိတ်မှာလည်း သွေးရောင်ဆေးရည်တွေပက်တာကို အတိတ်နိမိတ်မကောင်းလို့ အခြားလှုပ်ရှားမှု တစ်ခုပြောင်းဖို့ပြောကြပြန်ရော။
ဒီလိုပြောတဲ့ သူတွေရဲ့ အဓိက ကြောင်းပြချက်ကတော့ “​ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း”လို့ ပြောတဲ့ ဆိုတဲ့ လုပ်တဲ့ အတိုင်း ဖြစ်လာမှာ လူတွေသွေးချောင်းစီးကြမှာ စိုးရိမ်လို့ဟု အယူသီးကြပါတယ်။ ဒီအယူအဆက တော်တော်ကို မှားယွင်းတဲ့ အယူအဆ တွေးခေါ်မှုပုံစံအမှားပဲ။ တို့ပြည်သူတွေ သေနေရတာဟာ ဒီလိုအတိတ်နမိတ်မကောင်းတာတွေကြောင့်ဆိုတဲ့တွေးခေါ်ပုံတွေဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ရှေးရိုးအစဥ်အလာ အယူအဆဆွဲတွေက အရင်းခံပဲ။ လူတွေဘာလို့သေလဲဆို ဖက်ဆစ်စစ်တပ်ကသတ်နေလို့ပဲ။ ဘာသီချင်းစာသားကြောင့်မှ ဘာသပိတ်ကြောင့်မှမဟုတ်ဘူး။
“ကမ္ဘာမကြေဘူး” သီချင်းဆိုတာကလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်မှုကြောင့် အသတ်ပေးခဲ့ရတဲ့ အာဇာနည်တွေအကြောင်းရေးထားတဲ့ အာဏာရှင်ဆန့်ကျင်ရေး သီချင်းပဲ။ “ကမ္ဘာမကြေဘူး” သီချင်း မဆိုလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးကလို အများပြည်သူ အသက်တွေ ခန္ဓာတွေ စတေးကြရအုန်းမှာ မလွဲမသွေပဲ။ ဘာလို့လဲဆိုတော့ အခုစစ်အုပ်စုကလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးမှာရော ကျန်လူမျိုးစုဒေသတွေမှာပါ ပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ပဲ။ ဘာမှ မပြောင်းလဲပါဘူး။ ဒီနေ့အထိ အသက်ပေးခဲ့ကြတဲ့ ပြည်သူ(၇၃၀)ကျော်ဟာ ကမ္ဘာမကြေဘူးသီချင်းကြောင့်လဲ မဟုတ်ဘူး။ သွေးမတိတ် သပိတ်ကြောင့်လည်း မဟုတ်ဘူး။ စစ်တပ်က သတ်လို့ သေတယ် ဆိုတဲ့ရက်စက်တဲ့ အမှန်တရားကိုပဲ လက်ခံကြရမယ်။ ဒီဖေဖော်ဝါရီ နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စစ်အုပ်စုနဲ့အတူ ဒီလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ရှေးရိုးအစဥ်အလာ အယူအဆဆွဲတွေကို အမြစ်ဖြတ်ပစ်ရမယ်။
အခုဟာက စစ်တပ်က သတ်လို့ လူတွေသေရတာကို သိသိကြီးနဲ့ မသိစိတ်က အတိတ်တွေ နိမိတ်တွေကြောင့် သေရတာပါဆိုတဲ့ အမှားတရားတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ခြောက်လှန့်နေကြတယ်။ ဒီလိုမလုပ်ဘဲ သိစိတ်ကရော မသိစိတ်ကရောနဲ့ စစ်တပ်က လူတွေကို သတ်တာပါဆိုပြီး နာကြီးစွာ မုန်းတီးပစ်ကြ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ပစ်ကြ။
အမှန်တော့ သွေးမတိတ်သပိတ်တို့ ကမ္ဘာမကြေဘူး သီချင်းတို့ဆိုတာ တော်လှန်ရေးအတွက် တော်တော်ကို ထိရောက်တာပါ။ သာမန်လူတစ်ယောက်တောင် သွေးတွေအများကြီးကို မြင်ရန် လန့်ကြ တစ်ချို့ဆို မေ့လဲကြတဲ့အထိ ဖြစ်တာ တွေ့ဖူးကြမှာပါ။ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်တဲ့ စစ်သားတွေကို သူတို့ လုပ်ရပ်က သူတို့ကို တစ္ဆေပြန်ခြောက်နေတာပါ။ ဒီတော့ သွေးကိုမြင်ရင် သာမန်လူတစ်ယောက်ထက် လူသတ်ကောင်တွေက ပိုပြီး သွေးလေခြောက်ခြား ကြောက်ရွံမှာ မလွဲမသွေပါ။ ကမ္ဘာမကြေဘူးသီချင်းကို ကြားရရင် ကျွန်တော်တို့ ပြည်သူတွေ ကြက်သီးမွှေးညှင်း ထတဲ့အထိ စိတ်အားတက်ကြွ ခွန်အားဖြစ်ကြပါတယ်။ ဒီသီချင်းကို လူသတ်ကောင်တွေကြားရင်လည်း ထိတ်လန့်တုန်လှုပ်ကြမှာ မလွဲမသွေပါ။ ရန်သူကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်ကြပြီး ရတဲ့နည်းနဲ့တိုက်ပွဲဝင်ကြရမှာပါ။
ဒါကြောင့် အတိတ်တွေ၊ နိမိတ်တွေကို လွှဲချပြီး စစ်တပ်က သတ်လို့ အပြစ်မဲ့ ပြည်သူတွေ သေရတာကို မီးခဲ ပြာဖုံး မလုပ်ကြပါနဲ့။ စစ်တပ်က သတ်လို့ အပြစ်မဲ့ ပြည်သူတွေ သေရတာကို နာနာကြီးကြီးနဲ့ သိစိတ်ကရော မသိစိတ်ကရော မုန်တီးစက်ဆုပ်ကြပါ။ နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်ကြပါ။

Add a Comment

Your email address will not be published. Required fields are marked *