မီးမွှေးနေသည့်နဂါးနှင့် အာရှမှာပဲ ဝဲ နေတဲ့လင်းယုန်

တတိယကမ္ဘာစစ်က အရှေ့အလယ်ပိုင်းက စတင်နိုင်တယ်လို့ ၂၁ ရာစုအစောပိုင်းနှစ်များက စစ်ရေးလေ့လာသူတွေက ခန့်မှန်းထားကြပေမယ့် ယခုအခါ အရှေ့အာရှဒေသကနေ စတင်နိုင်တယ်လို့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးအင်စတီကျူမှ မနေ့ကပဲသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။ အဓိက ကတော့ ကမ္ဘာ့နံပတ်တစ် စူပါပါဝါ အမေရိကန်နဲ့ တဖြေးဖြေးအင်အားကြီးလာတဲ့ တရုတ်တို့ရဲ့ အားပြိုင်မှုတွေကြောင့်ဖြစ်ပြီး အာရှဒေသတွင်း တရုတ်နဲ့ အမေရိကန်တို့ရဲ့အားပြိုင်မှုဟာ ယခုနှစ် နှစ်စပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ပိုမိုပြင်းထန်လာတယ်လို့လဲ ဆိုပါတယ် ။
အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန် လက်ထက်အစ မှာပဲ အာရှဒေသတွင်းနိုင်ငံရေးအခြေအနေတွေဟာ မငြိမ်မသက်ဖြစ်လာပြီး တရုတ်ရဲ့ အာရှဒေသနဲ့ တောင်တရုတ်ပင်လယ်ပြင် လွှမ်းမိုးလာမှုကို တန်ပြန်ဖို့အတွက် အမေရိကန် ရေတပ် USS သီအိုဒေါရုစဗဲ့ဦးဆောင်တဲ့ လေယာဥ်တင်သဘော်ရေတပ်အုပ်စုကို ၇၅ ရာခိုင်နူန်းက သူ့အပိုင်လို့ တရုတ်ကဆိုထားတဲ့ တောင်တရုတ်ပင်လယ်ထဲသို့စေလွှတ်ခဲ့ကာ အာရှ ပစိဖိတ်ဒေသရှိ မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်ပြခဲ့တာဖြစ်ပါတယ် ။ ထိုသို့စစ်ရေးလေ့ကျင့်မှုအပြီး အမေရိကန်ရေတပ်အုပ်စုဟာ အိန္ဒိယပိုင် အက်ဒမန်ပင်လယ်ပြင်မှာလဲ ထပ်မံစစ်ရေးလေ့ကျင့်ခဲ့ပါသေးတယ် ။ ဒါ့အပြင် သူ့ရဲ့တောင်တရုတ်ပင်လယ်ပြင်ခရီးစဥ်အပြီး မိခင်ရေတပ်စခန်းကိုပြန်လည်ထွက်ခွာမယ်လို့ အစပိုင်းက ကြေငြာထားတဲ့ USS သီအိုဒေါရုစဗဲ့နဲ့ ရေတပ်စစ်ရေယာဥ်အုပ်စုကိုလဲ မူလအစီအစဥ်ကိုဖျက်သိမ်းပြီး တောင်တရုတ်ပင်လယ်ထဲ ပြန်လှည့်လာနေတယ်လို့ ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်စစ်ဘက်ဆိုင်ရာ ကသတင်းထုတ်ပြန်ခဲ့ပါတယ် ။ ဘာအကြောင်းအရာကြောင့် ပြန်လှည့်လာလဲဆိုတာတော့ မပြောခဲ့ပါဘူး ။ ဒါဟာ အမေရိကန်အနေနဲ့ ဘာကို ရည်ရွယ်နေသလဲဆိုတာတော့ စစ်ရေးလေ့လာသူတွေကြား မေးခွန်းထုတ်လျက်ရှိပါတယ် ။
ယခုလို သူ့ရဲ့ အသိုက်နားလာပြီး ခပ်စွာစွာလုပ်ပြနေတဲ့ လင်းယုန်ကို တရုတ်နဂါးကြီးက ဒီတိုင်းတော့ကြည့်နေတာမဟုတ်ပါဘူး။ သူ့ရဲ့ပထမဆုံးလေယာဥ်တင်သဘော်လျောင်နင်းနဲ့ စစ်ရေယာဥ်တွေကို ကို တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားကို စေလွှတ်ခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ မနေ့က ထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားဖို့ ထုတ်ပြန်ချက်အပြီး ဒီနေ့မနက်မှာပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ရဲ့ J 10 တိုက်လေယာဥ်အပါအဝင် စစ်လေယာဥ် ၂၅ စီးကို ထိုင်ဝမ်ရဲ့လေကြောင်းပိုင်နက်ထဲ ဖြတ်ပျံစေခဲ့ပြီး အမေရိကန်ရဲ့ သတိပေးမှုတွေကို ပြောင်ပြောင်တင်းတင်းပဲ စိန်ခေါ်ခဲ့တာဖြစ်ပါတယ် ။ ဒါဟာ တရုတ်ဘက်က လေယာဥ်တွေ ထိုင်ဝမ် ကျူးကျော်ဝင်ရောက်တာ အများဆုံးဖြစ်သလို မိမိတို့စစ်ရေးအရရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ထိုင်ဝမ် သမ္မတအိမ်တော်ကလဲ သတင်းထုတ်ပြန်ခဲ့ပြီး ဒီတခေါက်ထပ်မံကျူးကျော်ခဲ့ပါက မည်သည့်အကြောင်းကြားမှုမှ မလုပ်ဘဲ ပစ်ချမှာဖြစ်တယ်လို့ ထိုင်ဝမ်စစ်ဘက်က အပြင်းထန်ဆုံးရာဇသံပေးခဲ့ပြီဖြစ်သလို နိုင်ငံလုံခြုံရေးအဆင့်ကိုလဲ အနီရောင်အဆင့်ဖြစ် သတ်မှတ်ခဲ့ပါတယ် ။ အမေရိကန်ဘက်ကတော့ ဘယ်ဒေသပဲဖြစ်ဖြစ် အမေရိကန်ရဲ့မဟာမိတ်တွေကို အမေရိကန်က ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ရိပ်ခြည်စောင်းခြည်ပြောကြားထားပြီးဖြစ်ပါတယ် ။ ဒါကြောင့် တရုတ်ဟာ ထိုင်ဝမ်ကိုထိခဲ့ရင် အမေရိကန်က ဝင်ပါလာတော့မှာ အသေအချာပါပဲ ။
အကယ်၍ တရုတ်ဟာ မိုက်ရူးရဲဆန်ပြီး ထိုင်ဝမ်ကို စစ်မျက်နှာဖွင့်ခဲ့မယ်ဆိုရင်တော့ စစ်မျက်နှာတစ်ခုထဲရင်ဆိုင်ရမှာမဟုတ်ဘဲ စစ်မျက်နှာပေါင်းစုံဖွင့်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဟာ ဘယ်ရန်သူကိုမဆိုချေမှုန်းနိုင်တယ် လို့ နိုင်ငံတော်နှစ်ပတ်လည်နေ့အခမ်းအနားမိန့်ခွန်းမှာ ကြုံးဝါးခဲ့တဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြုံးဝါးသံလို့ပဲ တရုတ်တို့ ကမ္ဘာ့နံပတ်တစ် စူပါပါဝါကို အံတုဖို့ ခွန်အားရှိနေပြီလားဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်….။

Add a Comment

Your email address will not be published. Required fields are marked *