PSLF/TNLA- တအာင်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့

တအာင်း(ပလောင်)များသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးဒေသရှိ တောင်တန်းများတွင် နေထိုင်ကြသည်။ မိုင်းကိုင်၊ မိုးမိတ်နယ်များတွင်လည်း တွေ့ရသည်။

၁၉၅၈ ခုနှစ် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များ ပုန်ကန်ထကြွသော အခါ တအာင်း(ပလောင်)များလည်း ရှမ်းတပ်ဖွဲ့များနှင့်အတူ ပုန်ကန်ကန်ခဲ့ကြသည်။ ရှမ်းတပ်ဖွဲ့၏ နမ့်ဆန်ဒေသရှိ ရင်း ၅ နှင့် နမ့်ခမ်းဒေသရှိ ရင်း ၆ တို့သည် တအာင်း(ပလောင်)တပ်ဖွဲ့များဖြစ်သည်။

တအာင်း(ပလောင်)တပ်ဖွဲ့များဖြစ်သည့် ရင်း ၅ နှင့် ရင်း ၆ သည် ရှမ်းတပ်ဖွဲ့မှ ခွဲထွက်ပြီး ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် ပလောင်အမျိုးသားတပ်ဦး PNF- Palaung National Front ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ တစ်ဖန် ၁၉၇၆ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLO- Palaung State Liberation Organization နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA- Palaung State Liberation Army ဟု အမည်ပြောင်းလဲခဲ့သည်။

PSLO/PSLA သည် ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ကြသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံကြားဂွင်တွင် လှုပ်ရှားခဲ့သည်။ PSLO/PSLA ၏ အဓိကမဟာမိတ်မှာ KIA ဖြစ်သည်။ PSLO/PSLA သည် နောက်ပိုင်းတွင် KIA နှင့်အတူ တောင်ပိုင်း မဒတ (အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု) တွင် ပါဝင်ခဲ့ပြီး မဒတ ရုံးစိုက်ရာ KNU နယ်မြေနှင့် ထိုင်းနယ်စပ်သို့ ကိုယ်စားလှယ် စေလွှတ်ထားခဲ့သည်။

အရှေ့မြောက်၌ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် အဖွဲ့အသီးသီး နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး ယူကြရာ PSLO/PSLA သည်လည်း ၁၉၉၁ ခုနှစ် ဧပြီလ ၂၁ ရက်တွင် နဝတနှင့် အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့သည်။

ထိုအခြေအနေကို လက်မခံသော မဒတရောက် ကိုယ်စားလှယ်များ (တာအိုက်ဖုန်း၊ တာဘုန်းကျော် စသည့် လူငယ်ရဲဘော်များ)က မဒတ အဖွဲ့ဝင်များ၏ အကူအညီဖြင့် ထိုင်းနယ်စပ်တွင် PSLF- Palaung State Liberation Front ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် စတင်ဖွဲ့စည်း သန္ဓေတည်ခဲ့သည်။

နအဖ အစိုးရ လက်နက်အပ်၍ တပ်ဖျက်သိမ်းရန် ဖိအားပေးလာခဲ့ရာ အင်အား ၃၀၀ မှ ၅၀၀ ခန့်ထိရှိသော PSLO/PSLA အဖွဲ့သည် ၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန်တုံမြို့၌ နအဖ အစိုးရအား လက်နက်အပ်ခဲ့ပြီး PSLO/PSLA လက်နက်ကိုင်အဖွဲ့ တခန်းရပ်သည်။

သို့သော်လည်း ထိုင်းနယ်စပ်ရှိ PSLF ထူထောင်ထားသော တအာင်းလူငယ်များနှင့် PSLO စစ်ဦးစီးချုပ် ဖြစ်ခဲ့သူ တာညီလုံတို့နှင့် တိုင်ပင်၍ တအာင်းလက်နက်ကိုင်တပ်ဖွဲ့အား ပြန်လည်ထူထောင်ရန် ၂၀၀၇ ခုနှစ်မှအစပြုပြီး ပြန်လည်လုံးပမ်းခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ကျင်းပသော PSLF- တတိယအကြိမ် ညီလာခံတွင် TNLA- Ta-ang National Liberation Army ဖွဲ့စည်းရေးကို အတည်ပြုခဲ့သည်။

သို့နှင့် KIA ၏ အကူအညီဖြင့် ၂၀၁၁ အောက်တိုဘာလတွင် KIA တပ်မဟာ ၃ နယ်မြေ ဗန်းမော်ဒေသ၊ ဝါရာဘွမ်တွင် တအာင်းလူငယ် ၅၀ ကျော် စစ်ပညာသင်ယူပြီး TNLA အား အစပြုခဲ့သည်။

KIA နယ်မြေတွင်းလေ့ကျင့်ပြီးနောက် အသားတင်ကျန်ရစ်သူ တအာင်းလူငယ် ၄၂ ယောက်သည် KIA က တပ်ဆင်ပေးသည့် သေနတ် ၂၂ လက်နှင့် ရွှေလီမြစ်အား နမ့်ခမ်းမြို့အောက်နားမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လည်ဖြတ်ကူး၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ PSLF/TNLA တပ်ဖွဲ့၏ စည်းရုံးလှုပ်ရှားမှု စတင်ခဲ့တော့သည်။

PSLF/TNLA ခေါင်းဆောင်မှု
၁။ ဥက္ကဌ- ဗိုလ်ချုပ် တားအိုက်ဖုန်း
၂။ ဒုဥက္ကဌ ၁- ဗိုလ်ချုပ် တားဂျုပ်ကျား
၃။ ဒုဥက္ကဌ ၂- ဗိုလ်မှူးချုပ် တားခူလန်
၄။ အထွေထွေအတွင်းရေးမှူး- ဗိုလ်မှူးချုပ် တားဘုန်းကျော်
၅။ စစ်ဦးချုပ်- ဗိုလ်မှူးချုပ်- တားဟိုပလန်
၆။ အထွေထွေ အုပ်ချုပ်ရေးမှူး- ဗိုလ်မှူးကြီး တားဂူးကျား
၇။ ပြင်ပဆက်ဆံရေးဌာနမှူး- တားပန်လ
၈။ သတင်းနှင့် ပြန်ကြားရေးဌာနမှူး- ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်တို့ ဖြစ်သည်ဟု သိရပါသည်။

ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အဓိကလှုပ်ရှားသည်ဖြစ်ပြီး ပြောက်ကျားစစ်ဆင်နေရသည်ဖြစ်ရာ ဌာနချုပ်တည်နေရာကို လျှို့ဝှက်ထားရှိသည်။

တပ်ဖြန့်ခွဲလှုပ်ရှားမှု
၁။ တပ်မဟာ ၁- နမ့်ခမ်း၊ မိုင်းဝီးဂွင်
(ရင်း ၁၀၁/၁၀၂/၄၇၈/၅၇၁/၈၇၆- စုစုပေါင်း အင်အား ၆၀၀ ခန့်)
၂။ တပ်မဟာ ၂- ကျောက်မဲ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုင်းလုံဂွင် (ရင်း ၂၅၆/၄၃၄/၆၆၆/၇၁၇/၉၈၇- စုစုပေါင်း အင်အား ၆၀၀ ခန့်)
၃။ တပ်မဟာ ၃- မိုင်းဝီးတောင်ဖက်၊ ရွှေလီမြစ်ရိုး (ရင်း ၃၆၇/၆၈၃/၇၆၅/၇၇၃/၉၉၉-
စုစုပေါင်းအင်အား ၆၀၀ ခန့်)
၄။ တပ်မဟာ ၄- သိန္နီကားလမ်းအနောက်ဖက် နမ္မတူဂွင် (ရင်း ၃၃၃/၅၇၇/၅၉၅/၆၆၁/၈၇၅-
စုစုပေါင်းအင်အား ၆၀၀ မှ ၇၀၀ ခန့်)
၅။ တပ်မဟာ ၅- မူဆယ်/ကွတ်ခိုင်/သိန္နီကားလမ်းအနောက်ခြမ်း (စုစုပေါင်းတပ်ရင်း ၅ ရင်း- စုစုပေါင်း အင်အား ၇၀၀ ခန့်)
၆။ တပ်မဟာ ၆- မုန်းကျတ်-မိုင်းယော်ဂွင် (ကွမ်းလုံ/လားရှိုး/တန့်ယန်းကြား)
(ရင်း ၈၈၅ နှင့် အခြား ၄ ရင်း-
စုစုပေါင်းအင်အား ၆၀၀ ခန့်)
၇။ တပ်မဟာ ၇- လှုပ်ရှားတပ်မဟာ
(တပ်ရင်း ၅ ရင်းခန့်-အင်အားစီစစ်ဆဲ)

ဒေသအုပ်ချုပ်ရေးအား အောက်ပါအတိုင်း ခရိုင် ၅ ခု ဖွဲ့စည်းထားသည်။

၁။ မိုးကုတ်ခရိုင် (မိုဂူး)
၂။ နမ္မတူခရိုင် (အိုမ်ညှိုး)
၃။ နမ့်ခမ်းခရိုင် (အိုမ်တမောဝ်)
၄။ ကွတ်ခိုင်ခရိုင်(အိုမ်ခုံး)
၅။ လားရှိုး (လာဆျို)တို့ဖြစ်သည်။

အင်အား
TNLA သည် အနည်းဆုံး တပ်ရင်း ၃၅ ရင်းခန့် ဖွဲ့စည်းထားပြီး တရင်းလျှင် အင်အား ၁၀၀ မှ ၁၅၀ ကြားတွင် ရှိမည်ဟု ခန့်မှန်းရသည်။ နောက်တန်းဌာနများ၊ ဆေး/ဆက်သွယ်ရေးစသည့် ရုံးအဖွဲ့များ၊ နယ်မြေအုပ်ချုပ်စည်းရုံးရေးအဖွဲ့များ၊ အခွန်အကောက်အဖွဲ့များ စသည့်အင်အားများ အားလုံးပေါင်းပါက စုစုပေါင်းအင်အား ၇ ထောင်မှ ၈ ထောင်ခန့်ထိ ရှိနိုင်သည်။

လက်နက်တပ်ဆင်မှုမှာ ခေတ်မှီချေမှုန်းရေး ရိုင်ဖယ်များ တပ်ဆင်နိုင်သည်။ UWSA သို့မဟုတ် အခြားမှ လက်နက်ရရှိနိုင်သည့် လမ်းကြောင်းရှိသည်ဟု ခန့်မှန်းမှုများ ရှိသော်လည်း တိကျသော အထောက်အထား မရှိပါ။

TNLA လှုပ်ရှားဒေသသည် ရန်သူပတ်လည် ဝိုင်းထားသည့် ပြောက်ကျားဒေသဖြစ်သဖြင့် လက်နက်ခဲယမ်း စုပုံမှု အကန့်အသတ် ရှိသည်။ အကူပစ်လက်နက်အနေနှင့် ၁၀၇ မမ၊ ၆၀ မမ တို့ သုံးစွဲနိုင်သည်ကို တွေ့ရသည်။

ပြီးခဲ့သော နှစ်ပိုင်းက ရွှေလီချိုင့်ဝှမ်းဂွင် အတွင်းရှိ TNLA လက်နက်ဂိုဒေါင်တခုအား အစိုးရတပ်က သိမ်းဆည်းရမိရာတွင် လက်နက်ငယ်များအပြင် FN 6 အမျိုးအစားဟု ယူဆရသည့် လေယာဉ်ပစ် ဒုံးကျည်တစ်လက်ပါသိမ်းဆည်းရမိသွားသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ TNLA သည် လေယာဉ်ပစ် ဒုံးကျည် ပိုင်ဆိုင်နေပြီဟု တွက်ဆရသည်။ သို့သော် လက်တွေ့အသုံးပြုသည်ကို မတွေ့ရသေးပေ။

ဘဏ္ဍာရေး
TNLA ၏ လက်ရှိဘဏ္ဍာရေးသည် အခွန်အကောက် ကောက်ခံမှုပေါ်တွင် မူတည်သည်ဟု ယူဆရသည်။ ဘဏ္ဍာရေးအရ တောင့်တင်းသည့်အဖွဲ့အစည်းတော့မဟုတ်။ လက်ရှိတပ်အင်အား ထိန်းသိမ်းရန်လည်းကောင်း၊ တပ်တိုးချဲ့ရေးအတွက်သော်လည်းကောင်း လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေကို ကြိုးစားရှာဖွေနေရသည်ဟု သုံးသပ်ရပြီး ယခုအချိန်ထိတော့ ပုံမှန်လည်ပတ်ရန်အတွက် ဖြေရှင်းနိုင်သည်ကို တွေ့နေရသည်။

တပ်ပေါင်းစု
TNLA သည် ၂၀၁၇ မှ စတင်ဖွဲ့စည်းသည့် မြောက်ပိုင်းနိုင်ငံရေး မဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်သည်။ AA (ရခိုင်)၊ MNDAA (ကိုးကန့်)တို့နှင့် ပေါင်း၍ အဖွဲ့ ၃ ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့ထားသည်။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် AA၊ MNDAA၊ KIA (ကချင်)တို့နှင့် ပူးပေါင်း၍ အဖွဲ့ ၄ ဖွဲ့ဆွေးနွေးနေသည်။

TNLA သည် ၎င်းအားကူညီဖွဲ့စည်းပေးသည့် KIA နှင့် ကောင်းမွန်သောဆက်ဆံရေး ရှိသကဲ့သို့ UWSA နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ထို့အပြင် RCSS/SSA နှင့် စစ်ရေးပဋိပက္ခတွင် SSPP/SSA နှင့် ပူးပေါင်းရင်ဆိုင်လျက်ရှိသည်။

အစိုးရနှင့် ဆက်ဆံရေး
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်တစ်​ေလျှာက်လုံးနှင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ အစိုးရတပ်က TNLA အား AA/MNDAA တို့နှင့်အတူ ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းအား အသိမှတ်မပြုဘဲ လက်နက်အပ်ရန်သာ တောင်းဆိုခဲ့သည်။

သို့ဖြစ်ရာ တိုက်ပွဲများသာ တောက်လျှောက် ဖြစ်နေခဲ့သည်။ ၂၀၁၈ ကုန်ပိုင်းမှစ၍ ၎င်း ၃ ဖွဲ့အား အပစ်ရပ်ဆွေးနွေးရန် တပ်က သဘောတူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၂၀၂၀ မှစ၍ တွေ့ဆုံမှုများ ရပ်တန့်နေသော်လည်း အပြန်အလှန် အပစ်ရပ်ကြေညာပြီး တိုက်ပွဲများ လျော့ချထားသည်။

တရုတ်နှင့် ဆက်ဆံရေး
၂၀၁၇/၂၀၁၈ ငြိမ်းချမ်းရေးညီလာခံတွင် တရုတ်ကိုယ်စားလှယ်၏ စီစဉ်မှုဖြင့် မြောက်ပိုင်း ၇ ဖွဲ့နှင့်အတူ ပင်လုံညီလာခံဖွင့်ပွဲများသို့ တက်ရောက်ခဲ့သည်။ တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်သည်ဟု အများက အသိမှတ်ပြုထားသည်။ အခြားနိုင်ငံများ ဆက်ဆံရေး မတွေ့ရပါ။

နိုင်ငံရေး၊ စစ်ရေး
နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တအာင်းပြည်နယ်ကို တောင်းဆိုသည်။ တအာင်းလူထုနှင့် တအာင်းအရပ်ဖက်အဖွဲ့အစည်းများကြား ဩဇာသက်ရောက်မှုရှိသည်။

စစ်ရေးအရ ချေမှုန်းရေးတိုက်ပွဲကြီးများ တိုက်သည်ကို မတွေ့ရသေးသော်လည်း ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အနှံ့အပြား ပြောက်ကျားစစ်ဆင်ခြင်း၊ ရှမ်းမြောက်ရှိ အဓိက ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ထိန်းချုပ်ခြင်း၊ မြို့များအား နှောက်ယှက်တိုက်ခိုက်ခြင်းတို့အား ကျွမ်းကျင်စွာ ပြုလုပ်နိုင်သည်။

စစ်ရေးအရ ထူးခြားမှုမှာ သီပေါ၊ နမ္မတူ၊ သိန္နီ ဒေသသို့လည်းကောင်း၊ ကျောက်မဲ၊ မိုင်းဝီး၊ နမ့်ခမ်းသို့လည်းကောင်း ထိုးဖောက်ရန် ကြိုးစားနေသည့် RCSS/SSA နှင့် စစ်ရေးပဋိပက္ခ ရှိသည်။

ဆောင်းပါး – မောင်မောင်စိုး

#PSLF #TNLA #EAO #နယ်မြေဒေသ #စစ်ရေးဒေသ

Add a Comment

Your email address will not be published. Required fields are marked *