တရုတ် မှ CRPH ကို ဆက်သွယ်မှု ရှိလာ

**တရုတ် မှ CRPH ကို ဆက်သွယ်မှု ရှိလာ
** ဒေါ်ဇင်မာအောင် နှင့် ကုလ လုံခြုံရေး ကောင်စီ
**************************************

တရုတ် သံရုံး၏ ကောင်စစ်ဝန် အဆင့် ရှိသူတဦး မှ CRPH ကော်မတီ ဝင်တဦးကို ပထမဆုံးအကြိမ် ဖုန်းဖြင့် အဆက်အသွယ် လုပ်လာကြောင်း ဧရာဝတီ သတင်းက အတည်ပြု လာခဲ့သည်။

CRPH မှ မိမိတို့ အရေးတော်ပုံကို ထောက်ခံပြီး အာဏာသိမ်း အဖွဲ့ ပြုတ်ကျရေးကို အကူအညီပေးရန် ပြောဆို ခဲ့သော်လည်း တရုတ်အရာရှိက ၎င်းတို့၏ နိုင်ငံသားများ လုံခြုံရေး နှင့် အကျိူးစီးပွားများကို ကာကွယ်ပေးရန် နှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အားလုံးသည် NLD အစိုးရမှ အတည်ပြုပေးထားပြီး ဖြစ်သည်ဟု လည်း ပြောဆို သွားခဲ့သည်။

CRPH သည် ဘီဂျင်း ထံ သဝဏ်လွှာ သုံးစောင်အထိ ပေးပို့ခဲ့ပြီး ပြည်သူများဖက်မှ ရပ်တည်ပေးရန် တောင်းဆို ခဲ့ပြီး ဖြစ်သည်။ တရုတ်ဖက်မှ ဖြန်ဖြေပေးမည် ကဏ္ဍမှ ပါဝင်လိုခြင်း ရှိမရှိကို ရေရေရာရာ ပြောဆိုသွားခဲ့ခြင်း မရှိဟု သိရသည်။

တရုတ်သည် မြန်မာ အရေး တွင် အနိုင်ရသူဖက်က ရပ်တည်သွားမည့် သဘောထားကို ကိုင်ဆောင်ထားဆဲ ဖြစ်သော်လည်း အမေရိကန် နှင့် အနောက်အုပ်စု လိုလားသည့် အစိုးရမျိုး ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ် မကင်း ဖြစ်နေဆဲပင်။

လန်ဒန်တွင် ဖြစ်သည့် အရှုပ်တော်ပုံတွင် အင်္ဂလိပ်တို့သည် ၎င်းတို့ မြေပေါ်တွင် လာရောက် ကျူးလွန်သော အမှုကိုပင် ရှုတ်ချကြောင်း လောက်သာ ပြောဆို သွားခဲ့သည်ကို ကြည့်ပါက မိမိတို့ အရေး မိမိတို့ကိုယ်တိုင်သာ အားကိုးရမည်ဟု ရှင်းလင်းစွာ ပြဆိုသွားခြင်းပင် ဖြစ်သည်။

လက်ရှိတွင် တခု အကျိုးအမြတ် ထွက်ခဲ့သည်က စစ်အာဏာသိမ်း အဖွဲ့၏ အရှက်မဲ့စွာ မျက်နှာပြောင်တိုက် လုပ်ခဲ့မှုကို ကမ္ဘာသတင်းစာကြီး အသီး သီးတွင် ဖေါ်ပြခဲ့ကြပြီ ဖြစ်၍ နိုင်ငံအတွင်း ဖြစ်ပျက်နေမှုများကို ထပ်မံ မီးမောင်း ထိုးပြ ပေးသလို ဖြစ်သွားခဲ့ရသည်။

ကြံရာမရ ဖြစ်လာသော အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန် CNN သတင်းထောက်ချုပ်ကို နိုင်ငံအတွင်းသို့ ဖိတ်ကြားခဲ့သော်လည်း ပြည်တွင်း ရှိ သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ၂၆ ဦး ရှိနေပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် ဆန္ဒပြနေသူများ၏ မြေပြင်အနေအထား သတင်းရယူရန် နှင့် စိတ်ဓါတ်ရေးရာ အရ ခြိမ်းခြောက်နိုင်ရန် တရုတ်နိုင်ငံလုပ် ဒရုန်း များကို အသုံးပြုခဲ့သည့် ဟု ဗြိတိသျှ စစ်ထောက်လှမ်းရေး စာစောင် Janes International Defense Review တွင် ဖေါ်ပြထားသည်။ မိတ္ထီလာ လေတပ်စခန်း တွင် အခြေစိုက်သည့် တနာရီ မိုင် ၁၆၀ အထိ ပျံသန်းနိုင်သော အဆိုပါ ဒရုန်းများအား ရွှေ့ပြောင်း သွားလာနိုင်သည့် မြေပြင်ထိန်းချုပ် ရေးစခန်း မှ တဆင့် မန္တလေး မြို့ပေါ်တွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။

စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်အား မျက်စိပိတ်နားပိတ် အမှောင်တိုက်ထဲ သွတ်သွင်းရန် အကြံဖြင့် ဂြိုလ်တု စလောင်း များပါမကျန် လိုက်လံ သိမ်းဆည်းနေချိန်တွင် လူငယ်လေးများက 90.2 MHZ မှ Federal FM ရေဒီယို အစီအစဉ်ကို ဧပြီ ၁ ရက်မှ စတင်ပြီး ကြာသပတေး နှင့် တနင်္ဂနွေနေ့များတွင် ထုတ်လွှင့်နေပြီ ဖြစ်သည်။ ဖေ့စ်ဘုတ်ကလည်း မြန်မာပြည်ရှိ ပြည်သူများ အတွက် လုံခြုံစိတ်ချရစွာ သုံးစွဲနိုင်ရန် ပြင်ဆင် ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်း ပြီးစဉ်က ပြည်တွင်းရေး ဟု ဆိုကာ ကာလအတန်ကြာ ရေငုံနှုတ်ပိတ်နေခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာရွတ် သည် ယခုအခါ ၎င်းနိုင်ငံထဲသို့ ဒုက္ခသည်များ အလုံးအရင်း နှင့် ဝင်ရောက်လာနေပြီ ဖြစ်၍ အကြမ်း ဖက်လုပ်ရပ်များကို မိမိတို့ သဘောမတူကြောင်း ထုတ်ပြောလာခဲ့သည်။ ခိုလှုံလာသူများကိုလည်း လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်နေပြီ ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ၎င်း၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါ တို့ နှစ်ဦးသည် မြန်မာ အရေး အတွက် နိုင်ငံ အတော်များများ နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးလျှက် ရှိသည် ဟု အမေရိကန် Foreign Policy မဂ္ဂဇင်းတွင် ရေးသားထားသည်။

CRPH မှလည်း အာဏာသိမ်း အဖွဲ့၏ ဥပဒေပြင်ပ မှ သတ်ဖြတ်မှုများ၊ လုယက်မှုများ၊ နှိပ်စက်ညှင်းပမ်းမှုများ အစရှိသည့် သက်သေ အထောက်အထားများကို စုဆောင်းနေရာ စုစုပေါင်း ၁၈၀,၀၀၀ ခန့် ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။ CRPH အတွက် အကျိုးဆောင် ရှေ့နေ ဖြစ်သည့် ရော်ဘတ် ဗိုတာရား သည် ကုလ၏ မြန်မာအရေး လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင် နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဖြစ်သည်ဟု ခေါင်းဆောင် ဖြစ်သူ နီကိုလပ်စ် ကိုမီဂျန် မှ အတည်ပြုခဲ့သည်။

ဒေါ်ဇင်မာအောင် နှင့် ကုလ လုံခြုံရေး ကောင်စီ
**********************************

မြန်မာ အရေး နှင့် ပတ်သက်ပြီး ကုလ လုံခြုံရေး ကောင်စီမှ Arria Formula Meeting ကို ဧပြီ ၉ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိနေသည်။ Arria Formula ဆိုသည်ကား ဘော့စနီယား-ဟာဇီဂိုဗီနား စစ်ပွဲကြီး ပြင်းထန်နေ စဉ်အတွင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုများကို မျက်မြင် တွေ့ခဲ့ရသော ကရိုအေးရှား ဘုန်းတော်ကြီး ဖရာ ဂျိုကို ဇိုဗ်ကိုမှ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို တိုင်တန်းချင်တယ်လို့ ဥက္ကဌ ဖြစ်သူ Diego Arria ကို ဆက်သွယ်လာသည့်အတွက် အပြင်လူကို ခေါ်ပြီး လုပ်ရတဲ့ ထုံးစံ မရှိတာမို့ ကုလ ကိုယ်စားလှယ်များ နားနေခန်း ထဲမှာပဲ အဖွဲ့ဝင် ၁၅ နိုင်ငံ က ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ကြားနာခိုင်းခဲ့ရာမှ Arria Formula Meeting ဆိုပြီး ထင်ရှားလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်တော့ နားနေခန်းထဲမှ တရားဝင် အစည်းအဝေး ခမ်းမတွေထဲ ရွှေ့လာပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ နှင့် လူ့အသက်များ ဆုံးရှုံးနေမှုများ ကြောင့် ထိုကဲ့သို့ အစည်းအဝေး ခေါ်ယူရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု ဥက္ကဌ တာဝန်ယူထားသည့် ဗီယက်နမ် သံအမတ်ကြီးမှ ပြောသည်။ လုံခြုံရေး ကောင်စီ အနေဖြင့် နံပတ်တစ် ထားရမည့် တာဝန်သည် အကျပ်အတည်းကို ကျေနပ်ဖွယ် အဖြေတခု ထွက်စေမည့် အဆင့်မျိုး ဖြစ်အောင် ဆောင်ရွက်သွားရန် ဖြစ်သည်ဟု ဆိုသည်။

ထိုအစည်းအဝေးသည် ကြားနာပွဲ အဆင့်မျိုး ဖြစ်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လွတ်လပ်စွာ အမြင်ချင်း ဖလှယ်နိုင်ခွင့် ရသည့် ပွဲမျိုး ဖြစ်သည်။

အကောင်းဆုံး နည်းလမ်းသည်က ကုလ လုံခြုံရေး ကောင်စီမှ R2P အရေး စတင် ဆွေးနွေးတော့မည်ဟု လေသံ ပြစ်လာနိုင်အောင် လုပ်ရမည် ဖြစ်သည်၊ ထိုအချက်ကို အခွင့်ကောင်းယူကာ တုန်လှုပ်လာနေပြီ ဖြစ်သော အာဏာသိမ်း အဖွဲ့ကို တရုတ်မှ အလျော့ပေးရေး လမ်းကြောင်း ပေါ်သို့ ဆွဲတင်လိုက်သည့် နည်းလမ်းမျိုး ဖြင့်လည်း ပြေလည် နိုင်ကောင်းသည်ဟု ယူဆမိသည်။

လုံခြုံရေး ကောင်စီမှ ထုံးစံအတိုင်း ချီတုံချတုံ ဖြစ်နေစဉ်တွင် မိမိတို့၏ အသက်အိုးအိမ် ကို ကာကွယ်နိုင်ရန် လက်နက်ကိုင် ခုခံမှသာ ဖြစ်မည်ကို ကောင်းစွာ နားလည်ထားသည့် တန်ဆည် မြို့သူမြို့သားများနှင့် အာဏာသိမ်း တပ်များ အကြား ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေး မနက် အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ပြည်သူများက အမဲလိုက်သေနတ်များ၊ ဓါးများ၊ မီးလောင်ဗုံးများ နှင့် ပြန်လည် ခုခံသဖြင့် မူလက စစ်ထရပ်ကား ၆ စီး ဖြင့် ရောက်လာသော အာဏာသိမ်းတပ်များ က စစ်ကူ ခေါ်ခဲ့ရသဖြင့် နောက်ထပ် ထရပ်ကား ၅ စီးစာ ထပ်ရောက်လာခဲ့သည်။

ပြည်သူများဖက်မှ ၁၁ ဦး ကျဆုံးသွားပြီး စစ်တပ်ဖက်မှ မည်မျှ သေဆုံးသည်ကို သတင်း မရသေးဟု ဆိုသည်။

တန်ဆည် မြို့သူမြို့သား များက အသက်စွန့်ကာ တရားသော စစ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်း အပေါ် လွန်စွာ မှပင် လေးစား ဂုဏ်ယူမိပါသည်။

ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး CRPH နှင့် အတူ ပူးပေါင်းပြီး ပြည်သူတရပ်လုံး မကြုံဖူးအောင် လိုလား တောင့်တလာနေကြသည့် ဖက်ဒရယ် တပ်မတော် အမြန်ဆုံး ဖွဲ့စည်းရန် တောင်းဆိုလိုက်သည်။

အမေရိကန်မှ မြန်မာကျောက်မျက်ရတနာ ကော်ပိုရေးရှင်းကို နာမည်ပျက် စာရင်းတွင် ထပ်တိုးလိုက်ပြန်၍ အာဏာသိမ်း အဖွဲ့သည် တဖြေးဖြေး နှင့် ငွေရေးကြေးရေး တွင် မျက်ဖြူ ဆိုက်လာနေပြီ ဖြစ်သည်။ ၎င်းတို့ အတွက် ထိတ်တန်း ပြဿနာကြီး အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လုပ်ငန်းများ အားလုံး၏ ၉၀% ခန့်သည် ၎င်းတို့ အကြိုက် ပုံမှန် အနေအထား ဖြင့် လည်ပတ် နိုင်စွမ်း မရှိသေးဟု သတင်းများ ထွက်ပေါ်လာနေသည်။

တွစ်တာ မှ ထိုင်း၊ ဟောင်ကောင်၊ တိုင်ဝမ် နှင့် မြန်မာ ရှိ လူငယ်လေးများ၏ ဒီမိုကရေစီ နှင့် တရားမျှတသော လူ့ဘောင် တရပ် ပေါ်ထွန်းရေး အကြောက်အကန် တွန်းထိုး ရုန်းကန်နေမှု များကို ဂုဏ်ပြုသည့် အနေဖြင့် Milk Tea Alliance emoji တခု တီထွင်ပေးခဲ့ပြန်သည်။

ပြည်သူတို့၏ ပြင်းပြသော မျှော်လင့်ချက်များ၊ လိုလားတောင့်တမှုများ၊ နာကျည်းမှုများ ဖြင့် အရေးတော်ပုံ ကြီးသည် မုချမလွဲမသွေ အောင်မြင်လာပေတော့မည်။

အားလုံး၏ ရင်ထဲတွင် “လူတိုင်း ကိုယ့်လိုသာ မထွက်ကြဖူးဆိုရင် ဒီမိုကရေစီလည်း ရတော့မှာ မဟုတ်ဘူး” ဆိုကာ သား နှင့်မယားကို စွန့်ကာ အသက်ပေးသွားခဲ့သည့် မြောက်ဒဂုံ သူရဲကောင်း လေး၏ သမိုင်းတွင် ကျန်ရစ်တော့မည့် စကားမှာ ပဲ့တင်ထပ် ကျန်နေကြဆဲ ပင် ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

ဆောင်းပါး – လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *