မဲခိုးတယ်ဆိုတဲ့ကိစ္စဘာဖြစ်သွားတုန်း

တကယ်တော့ ကိုယ့်လုပ်ရပ်မှန်တယ် ထင်ရင် ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကိုအကြမ်းဖက် ဖြိုခွဲစရာ မလိုဘူး။
ကျည်အစစ်တွေ သုံးပြီးလည်း ပစ်နေစရာ မလိုဘူး။ ငါတို့က နိုင်ငံအတွက်ကောင်းဖို့ လုပ်နေတာ ဆိုရင်မီဒီယာကိုလည်း ကြောက်နေစရာ မလိုဘူး။
Phoneတွေ ကိုလည်း ကြောက်စရာမလို သလိုအပြစ်မရှိ အပြစ်ရှာဘယ်အစိုးရမှ မလုပ်တဲ့ ပုံစံမျိုးသုံးပြီးမှစစ်စရာလည်း မလိုပါဘူး။
ငါတို့က ဒီမိုကရေစီကို လိုလားတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ် ဆိုရင်လည်း ဆက်သွယ်ရေးကွန်ယက်တွေ ပိတ်စရာ မလိုဘူး ။
ဖုန်း လိုင်းတွေ WiFi တွေ ဖျက်စရာ မလိုဘူး။ ပြီးတော့ ငါတို့ လုပ်သမျှအောင်မြင်နေတယ်ထင်ရင်ပြည်သူကို အကျိုးမပြုတဲ့ ဥပေဒေတွေ ထုတ်စရာ မလိုသလို
လူတွေကို ပစ်သတ်စရာ မလိုဘူး။ သေသွားတဲ့ပြည်သူ အလောင်းတွေကို လုစရာမလိုဘူး။ ငါတို့လုပ်သမျှ ပြည်သူ အပေါ် စေတနာ ထားပြီးမှ လုပ်နေတယ်လို့ ယူဆရင်
နိုင်ငံတကာကနေ ဗုံးကျဲမှာ စိုးလို့ ဆေးရုံတွေ၊ ကျောင်းတွေမှာ ကုတ်ကတ်နေစရာ မလိုဘူး။ ပြောချင်တာက လုပ်ရပ်ကမမှန်၊ စေတနာက မပါ။
ပြည်သူ အပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့် သတ်ဖြတ်တာကလွဲလို့ နိုင်ငံကို အုပ်ချုပ်ဖို့ဘာအရည်အချင်းတွေများ ရှိလို့အာဏာလုရတာလဲ။
တစ်လတစ်ကြိမ် ပုံမှန် ဖွင့်ရမယ့်ထီတောင်မရောင်းတတ်ပဲနိုင်ငံ တိုးတက်အောင် ဘယ်လို စိတ်ကူးတွေနဲ့ လုပ်မှာလဲ။
လက်နက်ကိုင်ပြီးမှလုပ်ချင်ရာ လုပ်။ စိတ်ကူးထဲ ပေါ်သမျှ အတွေးတွေကို ဥပဒေလို့ ပြောပြီး လုပ်ချင်ရာ လုပ်။ ဖမ်းချင်သလို ဖမ်း။ သတ်ချင်သလို သတ်။
ဖျက်ဆီးချင်သမျှ ဖျက်ဆီးနေတာ ခုဆိုရင် ရက်ပေါင်း ၆၀ ကျော်လာပြီ ။ သေနတ်ကြီးတွေ ကိုင်ပြီး လုပ်ခွင့် ရနေတာတောင် ဘာများ အောင်မြင်အောင် စွမ်းဆောင်နိုင်လို့လဲ။
တိုင်းပြည် အုပ်ချုပ်ဖို့ ဆိုရင် ပြည်သူအပေါ် မေတ္တာ စေတနာ ထားပြီး ရင်ဝယ် သားလို သဘောထားရတယ် ဆိုတာရော သိကြလို့လား။ ခုတော့ လုပ်ချင်တာက ဘုရင်။
လုပ်နေတာ အကြမ်းဖက် လူသတ်သမား။ နိုင်ငံနဲ့ ပြည်သူကို ဆင်းရဲတွင်းထဲ တွန်းချပြီးမှ မအောင်မြင်တဲ့ ကိစ္စရပ် တွေ နဲ့ လူသတ်တဲ့ အလုပ်တွေချည်း လုပ်နေပြီး
နိုင်ငံတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ပြည်သူတွေကို ဘယ်လိုစည်းရုံးကြမှာလဲ။ အရည်အချင်း မရှိပဲ လက်နက်ရှိရင် လူသတ်ပြီးမှ နိုင်ငံ့ခေါင်းဆောင် လုပ်လို့ ရမယ် ထင်နေတဲ့ စိတ်ကူးတွေကို ရပ်ပေးပါ။ လူစိတ် ရှိနေသေးရင် ငါတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် တိုင်းပြည် ဘယ်လို ဖြစ်နေပြီလဲ ပြန်ကြည့်ပေးပါ။
လူသတ်ပြီး ထီးနန်း လုယူမယ်။ ပုန်ကန်သူ မှန်သမျှ သတ်ဖြတ်ပြီး ဘုရင် လုပ်မယ် ဆိုတဲ့ အ‌တွေးမျိုးကတော့ ပဒေသရာဇ် ခေတ်နှောင်းပိုင်းမှာပဲ ကောင်းပါတယ်။
မှတ်တမ်း မှတ်ရာ မှန်သမျှ မီးရှို့ဖျက်ဆီးပြီး ငါ ဘုရင် ငါ ရေးချင်ရာ ရေးပြီး ထားခဲ့မယ်။ ငါစိတ်ကြိုက် ရေးထားတာတွေကို နောက်လာ နောက်သားတွေ သမိုင်း အဖြစ် ဖတ်စေ ဆိုပြီး လုပ်လို့ ရပါတယ်။ ခုလို အိုင်တီခေတ်ကြီးထဲမှာတော့ လူတွေ အများကြီး သတ်ပြီးမှ ဘုရင် လုပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့သလို ပြည်သူတွေအားလုံးကလည်း လုံးဝ လက်ခံကြမှာ မဟုတ်တော့ပါဘူး။ ပြည်သူတွေကတော့  အနာဂတ်တွေ အတွက် ရေကုန် ရေခမ်း ဆက်လက် တိုက်ပွဲ ဝင်သွားကြမှာပါ။
အားလုံးရဲ့ အနာဂတ်တွေ အတွက်ပါပဲ။
အရေးတော်ပုံ အောင်ရမည်။
စစ်အာဏာရှင် စနစ် အပြီးအပိုင် ကျဆုံးစေရမည်။

Add a Comment

Your email address will not be published. Required fields are marked *