ချင်းတွင်းမြစ်ဝှမ်းမှာလည်း သေနတ်သံထွက်ပြီ
|
မောင်လှဝင်း(မြင်းခြံ)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နာမည်ကျော်ဝါးစိမ်းတောင်ဒေသ ကျေးရွာတွေမှာ အာဏာသိမ်း စစ်ဖင်္ကဆစ်ကောင်တွေကို ခုခံတွန်းလှန်တဲ့ တော်လှန်ရေးသေနတ်သံတွေ ထွက်ပေါ်လာခဲ့ပါပြီ။
ကျေးလက်သပိတ်စစ်ကြောင်းကို ခေါင်းဆောင်တယ်လို့ သူတို့ယူဆတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ရွာသားတွေကို စစ်သားအင်အား ရာကျော်နဲ့လာဖမ်းတာပါ။ ဆရာတော်ကို ဖမ်းမမိတော့ ရွာထဲမှာ ပစ်တာ ခတ်တာ လုပ်ပါတယ်။ ရွာသားတွေ သေနတ်ထိမှန်ပြီး ဒဏ်ရာရရှိကြသလို သေဆုံးသူလည်း ရှိခဲ့ပါတယ်။ ရွာသား ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတာလဲ လုပ်ပါတယ်။
ဒီလို စစ်ဖက်ဆစ်ကောင်တွေရဲ့ မတရားတဲ့ လက်နက်နဲ့ ဖိနှိပ်မှုကို ကျေးရွာလူထုက မခံနိုင်တဲ့အဆုံး ရရာလက်နက် (တူမီးသေနတ်တွေ) နဲ့ ပြန်လည် ခုခံတိုက်ခိုက်ကြပါတော့တယ်။ အာဏာသိမ်း ဖက်ဆစ် စစ်ခွေးတွေရဲ့ အင်အားဟာ ၂၀၀ နီးပါးအထိ ရှိနိုင်ပြီး တွန်းလှန်တဲ့ ပြည်သူ့အင်အားကလဲ ရွာပေါင်းဆယ်တချို့က လူထု ထောင်ဂဏန်းအထိ ရှိတယ်လို့ ကနဦးသတင်းအရ ကြားသိရပါတယ်။

ပြည်သူ့ဘက်က အနည်းဆုံး ၃ ဦး ကျဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့သလို့ စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးသူ ဒဏ်ရာရရှိသူ အတော်လေး ရှိတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်တို့မှ စလိုက်တဲ့ ကျေးလက်ပြောက်ကျားစစ်ပွဲမီးတောက်ကလေးဟာ အခုတော့ ချင်းတွင်းမြစ်ဝှမ်းအထိ ကူးစက်တောင်လောင်ခဲ့ပါပြီ။ ဧရာမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းနဲ့ တပြည်လုံးအနှံ့ တောလှန်ရေးမီးလျှံတွေ ကူးစက်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
တမူးမြို့နယ်မှာလည်း CDM လုပ်ထားတဲ့ ရဲသားတယောက် ဦးစီးပြီး နန်းဖာလုံ ရဲစခန်းကို ဝင်တိုက်တာ ရဲသား ၅ ဦးသေပြီး CDM လုပ်ပြီး ရဲစခန်းကို ဦးဆောင်တိုက်သူ ထန်ဟောက်ဂင်(ကူကူလူမျိုး)လဲ တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ပါတယ်။ ချင်းပြည်နယ် ချင်းပြည်သူများနဲ့ စစ်ကိုင်းတိုင်းအတွင်းမှ မြန်မာအပါအဝင် လူမျိုးစုံ ပြည်သူတို့ ရရာလက်နက်ကိုင်စွဲပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေကြပါပြီ။
တောက်လောင်လာသော ပြည်သူ့စစ်ပွဲတော်လှန်ရေးမီးတောက်မီးလျှံကို အာဏာသိမ်း ဖက်ဆစ်စစ်ကောင်စီရဲ့ တပ်တွေ လက်နက်အင်အားသုံးပြီး ငြှိမ်းသတ်လို့ ရနိုင်တော့မယ်မဟုတ်ပါ။