မြန်မာ-ထိုင်းနယ်စပ် သျှမ်းစစ်ရှောင်(၆၀၀၀)ကျော် ဗုံးခိုကျင်းပြင်ဆင်နေ

ဧပြီ ၃ရက်
အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်ရှိ (RCSS/SSA) တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သဖြင့် နယ်စပ်တလျောက် တွင် နေထိုင်သည့် သျှမ်းစစ်ဘေးရှောင် (၆၀၀၀) ကျော် စိုးရိမ်ထိတ်လန့်ကာ ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင် နေကြကြောင်း သတင်းရရှိသည်။
မတ် ၃၀ ရက်တွင် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်း အားလုံးကို တိုက်ခိုက်မည်ဟု ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကောက်မတီ ထံ အသိပေးထားကြောင်း သိရသည်။
ထိုသတင်းကြားပြီးနောက် မြန်မာ-ထိုင်းနယ်စပ် တလျောက်တွင် မှီတင်းနေထိုင်နေရသည့် စစ်ဘေးရှောင်(၆၀၀၀ )ကျော်သည် စိုးရိမ်ပူပန်မှုများစွာရှိနေပြီး လုံခြုံရေး အတွက် ဗုံးခိုကျင်းများ ပြုလုပ်ကာနေထိုင်နေရကြောင်းလည်း စစ်ရှောင်ကော်မတီ ထုတ်ပြန်ချက် အရသိရသည်။
“ အာဏာသိမ်းကတည်း စိုးရိမ်နေရတယ်။ စစ်ကောင်စီ က RCSS/SSAကို တိုက်မယ်ဆိုတဲ့သတင်းကြားတော့ ပိုတောင်ကြောက်လာတယ်။ ဒီ စစ်ရှောင် ၆၀၀၀ ကလည်း မြန်မာစစ်တပ်ကြောင့် ထွက်ပြေးလာကြတဲ့သူတွေပဲလေ။ ဒါကြောင့် မြန်မာစစ်တပ်ရဲ့ ဆိုးရွားတာတွေ ခံလာခဲ့ရဖူးတယ်။ တချို့ အသက်ကြီးတဲ့သူတွေဆိုရင် ဗုံးခိုကျင်းမှာ သွားနေကြပြီ” ဟု မြန်မာ-ထိုင်း နယ်စပ် စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ကော်မတီ မှ နန်းဟွမ်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။
အကြမ်းဖက် စစ်ကောင်စီ မှ မြန်မာ-ထိုင်းနယ်စပ် တလျောက်ရှိ RCSS/SSA ကို ထိုးစစ်ဆင်မည့်သတင်းသည် နယ်စပ် စစ်ဘေးရှောင်များအတွက် အလွန်ပင် စိုးရိမ်ပူပန်စရာဖြစ်စေပြီး၊ ကြောက်စေသည့် သတင်းဖြစ်နေကြောင်းလည်း နန်းဟွမ်က ဆိုသည်။
“ စစ်ဘေးရှောင်က လုံခြုံဖို့အတွက် ဗုံးခိုကျင်လုပ်နေကြတယ်။အရင် ဗုံးခိုကျင်း အဟောင်းကို သွားရှင်းတဲ့သူကရှင်း၊ အသစ်ပြန်တူးတဲ့သူတွေက တူးနေကြပြီး။ လက်ရှိမှာ စစ်ရှောင်တွေ အတွက် စားဝတ်နေရေးက လည်း မလုံးလောက်ဘူး” ဟု စစ်ရှောင်ကူညီနေသည့် နန်းဟွမ်က ထပ်လောင်းပြောသည်။
မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းတွင် သျှမ်းစစ်ဘေးရှောင် ဒုက္ခသည်စခန်း(၅)ခုရှိကြောင်း၊ ထိုင်းဘက်ခြမ်းတွင် ဒုက္ခသည်စခန်း (၁)ခုရှိကြောင်း ထိုစစ်ရှောင်တွင် နေထိုင်သည့်သူ အများစုမှာ ကလေးသူငယ်၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာ-ထိုင်းနယ်စပ် တောာင်ကြောတလျောက်တွင်တည်ရှိပြီး၊ မြန်မာစစ်တပ်စခန်းနှင့်လည်း နီးကပ်စွာတည်ရှိနေသည့် ဒုက္ခသည် စခန်းများဖြစ်သည်။
လက်ရှိမှာ ကရင်ပြည်နယ် တွင် မြန်မာစစ်တပ် မှ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထုထိခိုက်မှုများစွာရှိပြီး၊ စစ်ဘေးရှောင်များစွာ ထပ်မံ တိမ်းရှောင်နေရသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်တလျောက်ကို တိုက်ခိုက်လာမည်ဆိုပါက ထိုနယ်စပ်တလျောက်တွင်နေထိုင်သည့် စစ်ရှောင်များ ဘေးကင်းရန် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ရှောင်တိမ်းနိုင်ရန် လုံခြုံရေး နှင့် လူသားချင်းစာနာထောက်ထားမှုပေးရေး အတွက် ခွင့်ပြုပေးရန် လည်း ထိုင်း အစိုးရကို တောင်းဆိုထားသည်။
သတင်း – shannews

Add a Comment

Your email address will not be published. Required fields are marked *