ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ဆောင်ရွက်၊ အရေးပေါ်ကာလ ၁ နှစ်ကြေညာ

ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ဆောင်ရွက်၊ အရေးပေါ်ကာလ ၁ နှစ်ကြေညာ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲ၊ မဲစာရင်း ကိစ္စ မရှင်းလင်းခြင်းနှင့် အဓမ္မ နိုင်ငံတော်အာဏာ ရယူသည့်အတွက် အခြေခံဥပဒေအရ ဆောင်ရွက်ခြင်းထုတ်ပြန်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူလိုက်ပြီး နိုင်ငံတော်ကို အရေးပေါ် ကာလ ၁ နှစ်သတ်မှတ်ကြောင်း တပ်မတော်ပိုင် မြ၀တီရုပ်မြင်သံကြား သတင်းဌာနက ထုတ်ပြန်ကြေညာသည်။
မဲစာရင်းကိစ္စများ မရှင်းလင်းနှင့် ဥပဒေအရ ဆောင်ရွက်ရန် ရှိနေခြင်းတို့ကြောင့် နိုင်ငံတော်အာဏာကို အခြေခံဥပဒေအရ ဆောင်ရွက်လိုက်ပြီဖြစ် ကြောင်း၊ အရေးပေါ်ကာလကို ၁ နှစ်သတ်မှတ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်တွင် “ဆိုးဝါးစွာ လွဲမှားနေသည့် မဲစာရင်းများ ဖြစ်ခဲ့သည့်အတွက် ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ပြည်သူ့ထံမှ အချုပ်အခြာအာဏာ ဆင်းသက်ရမည့်ဆိုသည့်အချက်နှင့် ဆန့်ကျင်နေကြောင်း၊ မဲစာရင်း ပြဿနာကို ဖြေရှင်းငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်ပေးခြင်းမရှိခြင်း၊ ပြည်သူ့လွှတ်တော်အစည်းအဝေးထုတ်ပြန်ကာ ဆက်လက် ဆောင်ရွက်ရန် ထုတ်ပြန်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသ အသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြမှုများ များစွာ ဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံမှုနှင့်လှုံ့ဆော်မှု မျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော်တည်ငြိမ်မှုကို များစွာ ထိခိုက်စေလျက်ရှိကြောင်း၊ အဆိုပါပြဿနာ ကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း၊ မဲစာရင်း စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လွှဲအပ်ကြောင်း” ဖော်ပြထားသည်။
ဦးမြင့်ဆွေသည် တပ်မတော်က တင်မြှောက်ထားသော ဒုတိယသမ္မတတစ်ဦးဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *