မြောက်ပိုင်းလေးဖွဲနဲ့ ဆွေးနွေးမယ့်ရက် မတိုင်မီ နိုင်ငံတဝန်းလုံး တပ်မတော် စစ်ရေးလှုပ်ရှားမှု တစ်လရပ်

ဖေဖော်ဝါရီလအတွင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ အပစ်ရပ်စဲရေး ညှိနှိုင်းဖို့ ဆွေးနွေးဖို့ သဘောတူထားအပြီးမှာ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးကို သက်တမ်း ထပ်တိုးလိုက်ပါတယ်။

တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၈ ရက်အထိ ရပ်ဆိုင်းပေးမယ်လို့ ဇန်နဝါရီလ ၂၈ ရက် ရက်စွဲနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာတာ ဖြစ်ပါတယ်။

အခုကြေညာချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ တဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စတွေမှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းသွားမယ်လို့ ပါရှိပါတယ်။

အရင် အပစ်ရပ်သက်တမ်း တိုးတဲ့ အကြိမ်တွေမှာတော့ အကြမ်းဖက်အဖွဲ့တွေ ရှိတဲ့နေရာတွေကလွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းပေးမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရက်ရွှေ့ဆိုင်းထားရာကနေ ဆွေးနွေးပွဲတွေ ပြန်စဖို့ စီစဉ်နေတာဖြစ်ပြီး ဒီတစ်ခေါက် တွေ့ဆုံပွဲဟာ အွန်လိုင်းက မဟုတ်ဘဲ လူချင်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲ တွေ့ဆုံနိုင်ခြေရှိတဲ့ ဒီဆွေးနွေးပွဲကို မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေဘက်က KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့၊ AA ရက္ခိုင့်တပ်တော်၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်းတပ်ဖွဲ့တို့ ၄ ဖွဲ့စလုံး ပါဝင်ဖို့ ရှိတယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးတွေကို ဒီဇင်ဘာလအတွင်းက နေပြည်တော်မှာ လုပ်ခဲ့ပြီး NCA အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် ကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်က စပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ရာကနေ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကနေ အခုချိန်ထိ တိုက်ပွဲတွေ ရပ်ဆိုင်းနေပြီးနောက် တပ်မတော်နဲ့ အေအေတို့ ဒီဇင်ဘာလ ၉ ရက် မှာ UWSA ၀ ထိန်းချုပ်တဲ့ နယ်မြေမှာ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

AA၊ MNDAA၊ TNLA ညီနောင်မဟာမိတ် သုံးဖွဲ့ကတော့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်း ထပ်တိုးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – BBC Burmese News

 

Add a Comment

Your email address will not be published. Required fields are marked *