နယ်စပ်မှဝင်လာနိုင်သည့် တရားမဝင် ကိုဗစ်ကာကွယ်ဆေးလမ်းကြောင်း FDAစောင့်ကြည့်နေ

အိန္ဒိယနယ်စပ်လမ်းကြောင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင် ရောက်လာနိုင်သည့် ကိုဗစ်ကာကွယ်ဆေးကို အမြဲထောက်လှမ်းစုံစမ်းနေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တိုင်းဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တိုင်းဒေသကြီးဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်လမ်းကြောင်း ကချင်ပြည်နယ်နှင့်ထိစပ်သော ဒေသတစ်ခုလည်း ဖြစ်သည်။

“ကာကွယ်ဆေးလည်းဖြစ်တယ်။ တရားမဝင်လည်း ဝင်လာပြီး လူ့ခန္ဓာကိုယ်မှာ ထိုးမှာဖြစ်လို့ ဒါကို လတ်တလောအမြဲစုံစမ်းနေမှ ာဖြစ်ပါတယ်။ ဈေးကွက်မှာ ပေါ်တင်ရောင်းတာမဟုတ်ဘဲ အွန်လိုင်းကနေတစ်ဆင့် ချိတ်ဆက်လာနိုင်တာမို့ အဲဒီအတွက် သတင်းတွေရအောင် လုပ်ထားပါတယ်” ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

တရားမဝင်ရောက်ရှိလာနိုင်သည့် ကိုဗစ်ကာကွယ်ဆေးများသည် အန္တရာယ်အလွန်များခြင်းကြောင့် ယုံကြည်ပြီး ထိုးနှံခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း သတိပေး ပြောကြားထားသည်။

“အောက်လမ်းက တင်သွင်းမယ့်သူတွေ၊ ဝိသမလောဘသားတွေအနေနဲ့ မလုပ်သင့်တာကို မလုပ်မိဖို့လိုတယ်။ အောက်လမ်းကနေ အအေးစနစ်ကို ထိန်းသိမ်းထားခြင်းမရှိဘဲရောက်လာရင် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ဖြစ်ရပ် အန္တရာယ်က အလွန်ကြီးတယ်ဆိုတာ ပြောချင်တယ်”ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ပြည်တွင်း၌ တရားမဝင်လမ်းကြောင်းမှ တင်သွင်းရောင်းချပါက အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

ကိုဗစ်ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုနိုင်ရန် အစိုးရအချင်းချင်း ဝယ်ယူရောင်းချသည့်အဆင့်သာ ရှိသေးပြီး ပုဂ္ဂလိကမှ ရောင်းချထိုးနှံခွင့် မပြုသေးကြောင်း သိရသည်။

လူဦးရေ ခုနှစ်သိန်းခွဲ ထိုးနှံနိုင်သည့် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး အမည်ရ ကာကွယ်ဆေးလုံးရေ တစ်သန်းခွဲမှာ ယခုရက်ပိုင်းအတွင်း ပြည်တွင်းသို့ ရောက်ရှိပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ထောက်ပံ့ပေးထားသော အဆိုပါကာကွယ်ဆေးများကို ကိုဗစ်တိုက်ဖျက်ရေးဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံမည်ဖြစ်ကာ အစိုးရအကြီးအကဲများ၊အသက် ၆၅ နှစ်အထက် သက်ကြီးများကို အဆင့်လိုက် ထိုးပေးရန် စီစဉ်ထားသည်။

ယင်းအပြင် အစိုးရအစီအစဉ်ဖြင့် ပြည်သူများအား ထိုးပေးနိုင်ရန် လူဦးရေ ၁၅ သန်းစာ ကိုဗစ်ကာကွယ်ဆေးများကိုလည်း အိန္ဒိယနိုင်ငံမှ ဝယ်ယူထားပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အသုတ်လိုက်ခွဲ၍ ရောက်ရှိလာမည်ဟု ဒေါက်တာခင်ခင်ကြီးက ပြောဆိုထားသည်။

သတင်း –  ကိုသစ္စာ

Tags:

Add a Comment

Your email address will not be published. Required fields are marked *