ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာနိုင်ငံကို ယနေ့ရောက်ရှိမည်


မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်အနေနဲ့ ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ရောက်ရှိမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုဗစ် ၁၉ ဖြစ်ပွါးမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေကိုအစီရင်ခံတဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ပထမအသုတ်မှာရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကိုတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးစားပေးထိုးနှံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ “ ပြည်သူတွေအတွက် သတင်းကောင်းပေးရမယ်ဆိုရင် မနက်ဖြန်မှာ ပထမဦးဆုံးကိုဗစ်ရောဂါကာကွယ်ဆေးတွေ မြန်မာနိုင်ငံကိုရောက်ရှိလာပါမယ်။ တစ်သန်းခွဲရောက်ရှိမှာဖြစ်ပါတယ်။ တစ်သန်းခွဲဆိုတော့ ပြည်သူ (၇)သိန်းခွဲအတွက်လုံလောက်ပါတယ်။ ပထမရမယ့်အသုတ်က ကာကွယ်ဆေးတွေကို နိုင်ငံတော်အတွက် ဦးစားပေးထိုးနှံဖို့စဉ်းစားတဲ့အခါမှာ ပထဆုံးဦးစားပေးရမှာက ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေပါ”လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။
ပထမအသုတ်အနေနဲ့ ရောက်ရှိလာမယ့် ဆေးတွေကိုတော့ ပထမဦးစားပေးအနေနဲ့ နိုင်ငံဝန်ထမ်းကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းတွေကိုပါ ထိုးနှံပေးမှာဖြစ်ပြီး ဒုတိယဦးစားပေးအနေနဲ့ကတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေးက တစ်ဦးကို နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး ပထမတစ်ကြိမ်ထိုးနှံပြီး (၂၈)ရက်အကြာမှာ ဒုတိယအကြိမ်ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။
ပထမအကြိမ်ထိုးနှံပြီးတဲ့အခါမှာလည်း ရောဂါကူးစက်နိုင်ချေရှိတဲ့အတွက် ကျန်းမာရေးစည်းကမ်းချက်တွေကိုတော့ အထူးလိုက်နာဖို့လိုတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။
နောက်တစ်ပတ်အတွင်းမှာပဲ ကာကွယ်ဆေး ဒုတိယအသုတ်အနေနဲ့ ရောက်ရှိလာနိုင်ဖွယ်ရှိတာကြောင့် ဒုတိယအသုတ်ရောက်ရှိလာမယ့်ကာကွယ်ဆေးတွေကိုတော့ နေရာဒေသအလိုက် လူဦးရေပေါ်မူတည်ပြီးရောဂါကူးစက်နိုင်ခြေအများဆုံးရှိတဲ့နေရာတွေကို ဦးစားပေးအလိုက်ထိုးနှံပေးသွားမှာလည်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ကာကွယ်ဆေးရောက်ရှိတာနဲ့ တစ်ပတ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *