သမ္မတအပါအဝင် အစိုးရအဖွဲ့သစ်အတွက် အမည်စာရင်းများ လျာထားပြီးဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အစိုးရသစ်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ကြမည့်နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌ၊ဒုဥက္ကဌများအပါအဝင် အစိုးရအဖွဲ့အသစ်အတွက် အမည်စာရင်းအားလုံးကို လျာထားပြီးဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောသည်။
အစိုးရအဖွဲ့သစ်အတွင်း မည်သူတို့အား လျာထားသည်ဆိုသည်ကိုမူမပြောနိုင်သေးဘဲ အမည်စာရင်းများထွက်ပေါ်လာမှသာ သိစေလိုကြောင်း၊တိုင်းနှင့်ပြည်နယ်များရှိ လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနေရာများအတွက်တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များအား ရွေးချယ်ထားခြင်းရှိ မရှိနှင့်ပတ်သက်၍ ယခုအချိန်တွင် ပြောဆို၍မရသေးကြောင်း၎င်းက ပြောသည်။

”ထွက်လာမှပဲ သိစေလိုပါတယ်။ အခုတော့ လုံးဝပြောပိုင်ခွင့်မရှိသေးပါဘူး”ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။ လက်ရှိအချိန်တွင် အမည်စာရင်းလျာထားခြင်းမှာ အတည်ပြုထားခြင်းမဟုတ်သေးသည့်အတွက် နောက်ဆုံးချိန်ထိပြင်ဆင်၍ရနိုင်ကြောင်း ၎င်းကပြောသည်။ ”ဒါတွေက နောက်ဆုံးအချိန်အထိ ကိုယ့်လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲအသိပေးပြီး
အကောင်အထည်ဖော်သွားတာပါ။ လျာထားသူတွေကို ဘယ်သူကိုမှ ထုတ်မပြောထားသေးဘူး။ ဒါ့ကြောင့်လည်း ဒီဟာကို အချိန်မရွေးပြင်လို့ရသေးတယ်လို့ ပြောတာပါ”ဟု ၎င်းက ပြောသည်။

လာမည့် ၂ဝ၂၁-၂ဝ၂၅ NLD အစိုးရသစ်သက်တမ်းအတွက် အစိုးရသစ်ဖွဲ့စည်းရေးလုပ်ငန်းများမှာ ပြီးစီးလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ NLD ပါတီ၏ တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများဖြစ်သည့်ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီနှင့် တအောင်း(ပလောင်)အမျိုးသားပါတီ(TNP)တို့နှင့် ဇန်နဝါရီ ၁၃ ရက်ကတွေ့ဆုံစဉ် ယင်းပါတီများက အစိုးရအဖွဲ့သစ်အတွင်း တိုင်းရင်းသားပါတီများကို ပြည်နယ်တွင်သာမက ပြည်ထောင်စုတွင်လည်း ထည့်သွင်းစဉ်းစားပေးရန် ပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ”အခုချိန်မှာ အဲဒီလိုလျာထားမှုတွေပြီးပြီဆိုတာ သဘာဝကျပါတယ်။ NLD ဘက်က ဖွဲ့စည်းဖို့ပြင်ဆင်တာကသူ့တာဝန်သူလုပ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘာကိုစိုးရိမ်တာလဲဆိုတော့ တတိယအကြိမ်လွှတ်တော်ဟာ ခေါ်ယူဖြစ်ပါ့မလား။ ဒါမှမဟုတ်ရင်ခေါ်ယူရေးမှာ ပြဿနာတွေ၊ အဟန့်အတားတွေရင်ဆိုင်ရမယ်လို့ ကျွန်တော်ထင်တယ်။ အေးအေးငြောင်းငြောင်းနဲ့ ပြီးသွားမယ်လို့ ကျွန်တော်မထင်ဘူး”ဟု မှတ်ချက်ပေးပြောကြားသည်။

တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ လုပ်ဆောင်ချက်များကြောင့် NLD ပါတီ၏ အစိုးရသစ်ဖွဲ့ရေးလုပ်ငန်းစဉ်ကို အဟန့်အတား အနှောင့်အယှက်ဖြစ်ပေါ်စေနိုင်သော်လည်း အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဇန်နဝါရီ ၁၂ ရက်က မြန်မာတိုင်းမ်၏မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က ဖြေကြားထားသည်။ NLD ပါတီသည် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ် ၉၂ဝ ဦးအထိအနိုင်ရခဲ့သည့် အစိုးရဖွဲ့ခွင့်ရရှိထားခြင်းဖြစ်သည်။

သတင်း – ဟိန်းမြတ်စိုး

Add a Comment

Your email address will not be published. Required fields are marked *