ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လာသူများ၏ ဓာတ်ခွဲနမူနာများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော COVID-19 မျိုးဗီဇအသစ် စစ်ဆေးတွေ့ရှိ

SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ တစ်ခုလုံးကို လေ့လာနိုင်ရန် ဓာတ်ခွဲနမူနာပေါင်း ၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံမှ ပြန်လာသူများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော မျိုးဗီဇအသစ်များ စစ်ဆေး တွေ့ရှိထားကြောင်း ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြတ်ထွဋ်ညွန့်က ပြောကြားသည်။

“ဒီနေ့အထိ စစ်ဆေးပြီးတာ ၆၃ ခုဖြစ်ပါတယ်။ ဒီဓာတ်ခွဲနမူနာတွေထဲမှာ ပြည်တွင်းမှာ တွေ့ရတဲ့ ဓာတ်ခွဲနမူနာတွေပါတယ်။ ပြည်ပကနေ ပြန်လာတဲ့အထဲက ဓာတ်ခွဲအတည်ပြု လူနာတွေကို စစ်ဆေးခဲ့တာတွေ ပါပါတယ်။ နောက်ဆုံး ပြီးစီးသွားတဲ့ ၁၁ ခုမှာဆိုရင် ပြည်ပပြန်ထဲကဆို ခြောက်ယောက်ပါပါတယ်။ အဲဒီခြောက်ယောက်ဆိုရင် ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ဟိုတလောက ကြားမှာပေါ့။ ဂျော်ဒန်နိုင်ငံက လေယာဉ်တစ်စင်းထဲမှာ ၆၀ ကျော်လောက် အထိတောင် ပိုးတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ပေါ့။ အဲဒီအထဲကနေ သုတေသနအတွက် မျိုးဗီဇတစ်ခုလုံး စစ်ဖို့အတွက် လုံလောက်တဲ့ ပိုးပမာဏပါတဲ့ ဓာတ်ခွဲအတည်ပြု လူနာဆီကရတဲ့ နမူနာကိုယူပြီးတော့ စစ်ဆေးခဲ့တာ ခြောက်ယောက်ပါပါတယ်။ နောက် ရန်ကုန်ကနေရတဲ့ သုတေသန ဓာတ်ခွဲနမူနာ သုံးခုပါပါတယ်။ ပဲခူးက နှစ်ခုပါပါတယ်။ စုစုပေါင်း ၁၁ ခုဖြစ်ပါတယ်။ ဒါသည် နောက်ဆုံး Update အနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် မျိုးဗီဇမှာ B 1.36 အမျိုးအစား ဖြစ်ကြောင်း ဒေါက်တာ မြတ်ထွဋ်ညွန့်က ဆက်လက်ပြောကြားသည်။

“ထူးခြားချက်က ကျွန်တော်တို့နိုင်ငံမှာဖြစ်တဲ့ အမျိုးအစားကတော့ အရင်တွေ့ပြီးသား အမျိုးအစားဖြစ်တဲ့ B 1.36 အမျိုးအစားပဲ ဖြစ်ပြီးတော့ GH Stain ခေါ်တာပေါ့နော်။  ပြည်ပနိုင်ငံကဖြစ်တဲ့ ဂျော်ဒန်နိုင်ငံကလာတဲ့ အမျိုးအစားကတော့ ဂျော်ဒန် Stain အမျိုးအစားဖြစ်ပါတယ်။ အများကြောက်လန့်နေကြတဲ့ ယူကေအမျိုးအစား၊ နောက် တောင်အာဖရိကမှာ ဖြစ်နေတယ်ဆိုတဲ့ ပိုပြီးတော့ ကူးစက်မြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မဟုတ်သေးပါဘူး။ ပြည်တွင်းမှာ ဖြစ်နေတဲ့ အမျိုးအစားနဲ့တော့ ပြည်ပက ပြန်လာတဲ့သူတွေမှာတွေ့တဲ့ အမျိုးအစားနဲ့ကတော့ ကွာတယ်။ ဒါပေမယ့် အများကြောက်လန့်နေတဲ့ အမျိုးအစား မဟုတ်သေးဘူးပေါ့နော်။ ဗီဇပြောင်းပြီးတော့ အရမ်းမြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မဟုတ်သေးပါဘူး။ သူတို့နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အမျိုးအစားထဲမှာဆို ၉၉ ရာခိုင်နှုန်းက ဂျော်ဒန်က ဒီအမျိုးအစားကို တွေ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါသည်လည်းပဲ တခြားနိုင်ငံတွေမှာ တွေ့ရတဲ့ အမျိုးအစား GR Stain လို့ခေါ်ပါတယ်။ အဲဒီအမျိုးအစားကိုပဲ တွေ့တာ ဖြစ်ပါတယ်။ အရမ်းကြီးတော့ ယူကေလိုမျိုး တောင်အာဖရိကလိုမျိုး အရမ်းကြီး ကူးစက်ပျံ့နှံ့တယ် ဆိုတဲ့ သက်သေတော့ မတွေ့ရပါဘူး” ဟု ဒေါက်တာ မြတ်ထွဋ်ညွန့်က ပြောကြားသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနအနေဖြင့် နိုင်ငံအများအပြားတွင် ဗီဇပြောင်း COVID-19 ပိုးအသစ် တွေ့ရှိလာ၍ မျိုးဗီဇနွယ် (Leneage) စစ်ဆေးခြင်းနှင့် မျိုးဗီဇဆင်တူမှု (Genetic Clade) စစ်ဆေးခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“လက်ရှိ တွေ့ရှိထားတဲ့ သုတေသန တွေ့ရှိချက်တွေအရ ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ လူတွေအများကြီး စိတ်ဝင်စားနေတဲ့ အခုယူကေနိုင်ငံက စတင်ပြီးဖြစ်တယ် ဆိုတဲ့ မျိုးဗီဇပြောင်းလဲမှုတွေ၊ တောင်အာဖရိက ကနေပြီးတော့ တွေ့ရတဲ့ မျိုးဗီဇပြောင်းလဲမှုတွေ ပိုပြီးတော့ မြန်ဆန်စွာ ကူးစက်ပျံ့နှံ့နိုင်တဲ့ အမျိုးအစားတွေ လက်ရှိကာလအထိ တွေ့ရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မျိုးဗီဇပြောင်းလဲမှုသည် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောသွားသလို မျိုးဗီဇ ပြောင်းလဲမှုတွေသည် အချိန်နဲ့အမျှ အချိန်မရွေး ပြောင်းသွားနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ အမျိုးအစားက ပြောင်းနိုင်သလား ဆိုရင်လည်း ပြောင်းနိုင်တာပဲ။ တခြားနိုင်ငံက ဝင်လာမှ ပြောင်းနိုင်သလား ဆိုရင်လည်း ဖြစ်နိုင်တာပဲ။ ဆိုတော့ သူ့သဘော သဘာဝအရကိုက ဒီမျိုးဗီဇ ပြောင်းလဲမှုတွေသည် အချိန်နဲ့အမျှ တဖြေးဖြေးနဲ့ ပြောင်းပြောင်းသွားနိုင်တယ်။ အဲဒီလို ပြောင်းသွားခြင်းကြောင့် ကောင်းတဲ့ပြောင်းခြင်းတွေလည်း ဖြစ်နိုင်တယ်။ ဆိုးတဲ့ပြောင်းလဲခြင်းတွေလည်း ဖြစ်နိုင်တယ်။ ဆိုးတာပဲ ပြောင်းပြောင်း ကောင်းတာပဲပြောင်းပြောင်း ကျွန်တော်တို့ ဒီပြောင်းလဲမှုတွေသည် ဘယ်လိုမျိုး ပြောင်းလဲနေပြီလဲ။ ဘယ်လောက်ထိ များများပြောင်းလဲနေပြီလဲ။ ဒီပြောင်းလဲခြင်းတွေကြောင့် ဘာတွေ ဖြစ်လာပြီလဲ ဆိုတာကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့လိုပါတယ်” ဟု ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောကြားသည်။ crd Eleven

Add a Comment

Your email address will not be published. Required fields are marked *