ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ရဖို့ လှုပ်ရှားမှုလုပ်

ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ တရားဝင် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးအတွက် ဦးတည်ပြုလုပ်တဲ့ လှုပ်ရှားမှု တစ်ခုကို တက်ကြွလှုပ်ရှားသူအချို့က ဦးဆောင်ပြီး ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်း ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့လယ်မှာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ အတွက် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးတော့ နှာခေါင်းစည်းဝေတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားသူများအဖွဲ့ ( Yangon Bikers Revolution ) က ကိုဝင်းကျော်မောင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဥပဒေနဲ့အညီ စီးနင်းခွင့်ရဖို့ ရန်ကုန်တိုင်းထဲက မြို့နယ်အသီးသီးမှာရှိတဲ့ ဆိုင်ကယ်စီးနင်းသူတွေဆီကနေ လက်မှတ်ကောက်ယူထားတာတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပေးပို့ပြီး တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်၁၄ မြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ပြုထားပြီး ကျန်တဲ့ ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ၃၁မြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ကို အစိုးရက ပိတ်ပင်ထားကာ အဲဒီ့မြို့နယ်တွေမှာ စီးနင်းသူတွေကို ဖမ်းဆီး အရေးယူတာတွေ ရှိပါတယ်။

( Yangon Bikers Revolution ) အဖွဲ့ဟာ ဒီလိုတောင်းဆိုမှုလုပ်တာ အခုမှစတင်ခဲ့တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မေလ ကတည်းက စတင်တောင်းဆိုခဲ့တာလို့ ကိုဝင်းကျော်မောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက တစ်နေရာနဲ့တစ်နေရာ သွားလာရခက်ခဲပြီး ကျယ်ပြန့်တဲ့ မြို့နယ်တွေမှာ ဥပဒေနဲ့အညီ မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက တင်ပြဆွေးနွေးတာတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ ခွင့်မပြုသေးပါဘူး။

“ကျွန်တော်တို့ ရန်ကုန်မှာ ကားမစီးနိုင်တဲ့သူတွေက အများစုရှိပြီး လိုအပ်ချက်အရ တောင်းဆိုတာပါ၊ ပြည်သူအသံကို နားထောင်တဲ့ အစိုးရဆိုလို့ ကျွန်တော်တို့က ဥပဒေနဲ့ အညီ စိစစ်ပြီးခွင့်ပြုပေးဖို့ တောင်းဆိုတာပါ “လို့လည်း ကိုဝင်းကျော်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ်တွေ စီးခွင့်ပေးဖို့တောင်းဆိုသူတွေရှိသလို ဆိုင်ကယ်တွေ တရားမဝင်စီးနင်းမှုတွေ များလာတာကို မကျေနပ်တဲ့ ကန့်ကွက်သူတွေလည်းရှိပါတယ်။

ရန်ကုန်တိုင်းထဲက လှိုင်သာယာမြို့နယ်အပါအဝင် ဆင်ဖြေဖုံးမြို့နယ်တွေနဲ့ မြို့နယ်အချို့မှာတော့ မော်တော်ဆိုင်ကယ်ကို ဒေသလိုအပ်ချက်အရ တရားဝင်ခွင့်ပြုချက်မရှိသည့်တိုင် စီးနေကြပါတယ်။

ဒဂုံမြို့သစ် လေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တို့မှာ မော်တော်ဆိုင်ကယ် အရေအတွက် သောင်းဂဏန်းခန့် ရှိနိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။

အဲ့ဒီ့ မြို့နယ်တွေမှာ ဆိုင်ကယ် အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်တာနဲ့ ဆိုင်ကယ်ကြောင့် ယာဥ်တိုက်မှုတွေဖြစ်ပွားတွေကို ဆိုင်ကယ်စီးနင်းခွင့် မပြုဖို့တောင်းဆိုသူတွေဘက်က ထောက်ပြကြပါတယ်။

( Yangon Bikers Revolution )ဆိုင်ကယ် စီးနင်းခွင့်ရရှိရေး လှုပ်ရှားသူများအဖွဲ့ကတော့ ဆိုင်ကယ်ကြောင့် ရာဇဝတ်မှုတွေဖြစ်တာ မဟုတ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးမှု မရှိလို့ဖြစ်တာလို့ တုံ့ပြန်ပြောဆိုကြပါတယ်။

ရန်ကုန်မှာ တရားမဝင်ဆိုင်ကယ်တွေကြောင့် ရာဇဝတ်မှုတွေ၊ယာဥ်တိုက်မှုတွေ များပြားလာတွေနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက အစိုးရ အနေနဲ့ ထိန်းသိမ်းဆောင်ရွက်ဖို့ ရှိမရှိ မေးခွန်းကို ၂၀၁၉ ခုနှစ်အတွင်းက တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ပြီး အစိုးရဘက်က အရေးယူ ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားတဲ့မြို့နယ် ၁၄ မြို့နယ်ရှိပြီး၊မှော်ဘီ၊တိုက်ကြီး၊လှည်းကူး၊ထန်းတပင်၊သန်လျင်၊သုံးခွ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း၊ဒလ၊ဆိပ်ကြီးခနောင်တို၊ကျောက်တန်း ကိုးကိုးကျွန်းစတဲ့ မြို့နယ်တွေ ပါဝင်တယ်လို့ ရန်ကုန်တိုင်းအစိုးရက လွှတ်တော်မှာ ၂၀၁၉ ခုနှစ်အတွင်းက ဖြေကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ ၃၁ မြို့နယ်တွင်း စီးနင်းသူတွေကို အစိုးရက ဖမ်းဆီးတာတွေရှိပြီး ကျပ်သိန်းနဲ့ချီပြီး ဒဏ်ရိုက်သလို ဆိုင်ကယ်ကို သိမ်းယူတာတွေလည်း ရှိနေတယ်လို့ ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးလှုပ်ရှားသူများအဖွဲ့ ကတစ်ဆင့် သိရပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားသူတွေကတော့ မြို့နယ်အချို့မှာ ဥပဒေနဲ့အညီ စီးခွင့်ရရေး တောင်းဆိုနေကြတာဖြစ်ပြီးတော့ ဘယ်မြို့နယ်တွေကို ခွင့်ပြုပါလို့ တောင်းဆိုတာမျိုးတော့ မတွေ့ရသေးပါဘူး။

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ် တရားဝင်စီးခွင့်ပြုထားတဲ့ မြို့နယ်တွေမှာ တရားဝင်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ဆိုင်ကယ် အရေအတွက်ဟာ သုံးသိန်းခွဲကျော်ခန့်ရှိတယ်လို့ ရန်ကုန်တိုင်း အစိုးရရဲ့ တရားဝင် စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပိတ်ထားတာဟာ ၁၉၉၉ ခုနှစ်ခန့်က ဖြစ်ပြီး နှစ်၂၀ ကျော်ခန့် ရှိလာပြီဖြစ်ပါတယ်။

သတင်း – BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *