Xiaomi ကို အမေရိကန်က နာမည်ပျက် စာရင်းသွင်း Xiaomiရဲ့ ရှယ်ယာတန်ဖိုး ထိုးကျသွား

ဇန်နဝါရီ – ၁၅ ၊၂၀၂၁
တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomiကို အမေရိကန် အစိုးရက နာမည်ပျက် စာရင်းသွင်း ကြေညာလိုက်ပါတယ်။
ဒီသတင်း ထွက်ပေါ်လာတဲ့နောက် ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း၊ ဟောင်ကောင်က စတော့ရှယ်ယာ စျေးကွက် ဖွင့်လှစ်ချိန်မှာ Xiaomiရဲ့ ရှယ်ယာတွေ တန်ဖိုးက ၁၀.၆ ရာခိုင်နှုန်းလောက် ထိုးကျသွားပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အခြေစိုက်တဲ့ Xiaomiဟာ ၂၀၂၀ ပြည့်နှစ်၊ တတိယ သုံးလပတ်ထိ စာရင်းတွေအရ ကမ္ဘာပေါ်မှာ တတိယ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ တရုတ် နည်းပညာ လုပ်ငန်းစုကြီးတွေအပေါ် ပစ်မှတ်ထား ပိတ်ပင်တာတွေ ရှိခဲ့ပြီး ထရမ့်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးခါနီးမှာ Xiaomiကိုပါ ထိုးနှက်လိုက်တဲ့ သဘောပါပဲ။
Xiaomi အပါအဝင် တရုတ် စစ်တပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့ စွပ်စွဲထားတဲ့ လုပ်ငန်း ၁၀ ခုကို အမေရိကန် အစိုးရက နာမည်ပျက် စာရင်း သွင်းလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရက သတ်မှတ်တဲ့ နာမည်ပျက် စာရင်းထဲမှာ ပါဝင်လာတဲ့နောက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေက Xiaomiရဲ့ ရှယ်ယာတွေကို ဝယ်ယူခွင့်ကနေ တားမြစ်ပြီး ဖြစ်လာပါမယ်။
ပြီးတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေက Xiaomiနဲ့ လုံခြုံရေးကဏ္ဍ နည်းပညာတွေ မျှဝေတာမျိုး ခွင့်ပြုပေးတော့မှာ မဟုတ်ပါဘူး။ Xiaomiရဲ့ ရှယ်ယာလက်ကိုင် ရှိနေသူတွေကလည်း အခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် မတိုင်မီ ရောင်းထုတ်ဖို့၊ လက်လွှဲဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။
Xiaomiရဲ့ ရှယ်ယာတွေကို ဟောင်ကောင် စတော့စျေးကွက်မှာသာ တင်ထားပြီး အမေရိကန်မှာတော့ ရှယ်ယာ ရောင်းချတာမျိုး မရှိပါဘူး။ အမေရိကန် အစိုးရက Xiaomiဟာ ကွန်မြူနစ် တရုတ်ရဲ့ စစ်ဘက် ကုမ္ပဏီတွေထဲက တစ်ခုလို့ စွပ်စွဲထားပါတယ်။ နာမည်ပျက် စာရင်း အသွင်းခံရတဲ့ထဲမှာ လေယာဉ်တွေ ထုတ်လုပ်တဲ့ တရုတ် ကုမ္ပဏီ Comacလည်း ပါဝင်ပါတယ်။
Xiaomiကတော့ အခုဖြစ်ရပ်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရင်က အမေရိကန်ဟာ တရုတ် နည်းပညာ လုပ်ငန်းစုကြီး Huaweiနဲ့ Semiconductorတွေ ထုတ်လုပ်တဲ့ SMIC ကုမ္ပဏီတို့ကိုလည်း နာမည်ပျက် စာရင်းထဲ ထည့်သွင်း ကြေညာခဲ့ဖူးပါတယ်။
Photo- EPA – EFE

Add a Comment

Your email address will not be published. Required fields are marked *