ပျက်ကျသွားသည့်အင်ဒိုနီးရှားလေယာဉ်မှ အလောင်းအစအနများနှင့် အပျက်အစီးအစိတ်အပိုင်းများကို ဆယ်ယူနေ

လူ ၆၂ ဦး လိုက်ပါသွားပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှ ပျံသန်းထွက်ခွာသွားသည့် Sriwijaya Air လေယာဉ်ပျက်ကျသွားခဲ့ရာ ဂျာဗားပင် လယ်ပြင်မှ အလောင်းအစအနများ၊ အဝတ်အစားများနှင့် အပျက်အစီးအစိတ်အပိုင်းများကို ယနေ့ ဇန်နဝါရီလ ၁၀ နံနက်အစောပိုင်းတွင် ရှာဖွေတွေ့ရှိကာ ဆယ်ယူနေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဆိုသည်။

အသံလှိုင်းခြေရာခံရှာဖွေရေးကိရိယာက လေယာဉ်နစ်မြုပ်နေသည့်နေရာဟုယူဆရသည့်တည်နေရာကိုရှာတွေ့ထားပြီး ကယ်ဆယ်ရှာဖွေမှုများဖြန့်ကြက်နေကြပြီဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဘူဒီကာယာဆူမာဒီက ပြောကြားခဲ့သည်။

လန်ကန်ကျွန်းနှင့်လာကီကျွန်းကြားတွင် အဆိုပါအစိတ်အပိုင်းများကို တွေ့ရှိဆယ်ယူနေကြခြင်းဖြစ်ကြောင်း အမျိုးသားကယ်ဆယ်ရှာဖွေရေးအဖွဲ့က ဆိုသည်။

အင်ဒိုနီးရှားရေတပ်သင်္ဘောကရေငုပ်တပ်ဖွဲ့ဝင်များကလည်း လေယာဉ်ရှိရာဟုယူဆရသည့်နေရာများတွင် ရှာဖွေဆယ်ယူရေးအတွက်ကြိုးပမ်းနေကြကြောင်း အင်ဒိုနီးရှားလေတပ်အကြီးအကဲ ဟာဒီဂျာဂျန်တိုက ဆိုသည်။

လေယာဉ်နှင့်အဆက်အသွယ်ပြတ်သွားချိန်ကစတင်ကာ ၁၂နာရီကျော်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ပျက်ကျရသည့်အကြောင်းရင်းကိုမသိရှိကြသေးပေ။
ဂျကာတာကမ်းရိုးတန်းမြောက်ပိုင်း ကျွန်းဒေသခံငါးဖမ်းသမားများကမူ မနေ့က နေ့လယ် ၂နာရီခွဲအချိန်တွင် ပေါက်ကွဲသံကြီးတစ်ခုကြားလိုက်ရကြောင်း ပြောနေကြသည်။

ပေါက်ကွဲသံကြီးကြားလိုက်ရပြီး ရေပြင်ကနေရုတ်တရက်လှိုင်းကြီးထလာသည်ကိုမြင်တွေ့လိုက်ရသဖြင့် ဗုံး သို့မဟုတ် ဆူနာမီဟု ထင်ခဲ့ကြသေးကြောင်း ငါးဖမ်းသမားဆိုလီဟင်က ဆိုသည်။

မိုးများသည်းထန်နေပြီး ရာသီဥတုကလည်းဆိုးနေသဖြင့် ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အသံကျယ်ကြီးကြားလိုက်ပြီးနောက် ရေပွက်ထသွားကာ ရေလှိုင်းပုတ်လာခဲ့ကြောင်း၊ အလွန်ထိတ် လန့်သွားခဲ့ကြပြီး လှမ်းမျှော်ကြည့်လိုက်ရာ လေယာဉ်အစိတ်အပိုင်းကိုတွေ့ရသည့်အပြင် ငါးဖမ်းလှေပတ်လည်တွင်လည်း ဆီများလာဝေ့နေသည်ကိုတွေ့ခဲ့ကြကြောင်း ဆိုလီဟင်က ဆိုသည်။

လေယာဉ်ပေါ်တွင် ကလေး ၁၀ဦး အပါအဝင် ခရီးသည် ၅၆ဦး၊ လေယာဉ်မှူး နှစ်ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးတို့ လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး အားလုံးမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြသည်။

လေယာဉ်ပျက်ကျမှုအတွက် အာဏာပိုင်များက လေဆိပ်နှင့် ဆိပ်ကမ်းတွင် ကပ်ဘေးစင်တာနှစ်ခုဖွင့်ပေးထားပြီး လေယာဉ်ပေါ်ပါသွားသူများ၏မိသားစုဝင်များ စုရုံးရောက်ရှိနေကာ သတင်းနားစွင့်နေကြကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *