မြန်မာရွှေ့ပြောင်းလုပ်သားများကို စွန့်ပစ်သည့် လုပ်ငန်းရှင်အား ထိုင်းရဲအရေးယူမည်

စမွတ်စာခွန်၊ ဒီဇင်ဘာ ၂၄
စမွတ်စာခွန်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးကို ကားဖြင့်တင်၍ ဘန်ကောက်မြို့ပြင်လမ်းဘေးတွင် ချထားရန်စေခိုင်းသည့်လုပ်ငန်းရှင်အား ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်၍ အရေးယူမည်ဖြစ်ကြောင်းသိရသည်။
ယင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးအား Bangna-Trad လမ်းနံဘေးတွင် သူတို့၏ အထုတ်အပိုးများနှင့်အတူ အင်္ဂါနေ့ညက တွေ့ရခြင်းဖြစ်သည်။ သူတို့သည် စမွတ်စာခွန်ရှိ ပလပ်စတစ်စက်ရုံတစ်ခုမှဖြစ်ကြောင်း ယင်းလုပ်သားများကပြောသဖြင့် ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ယင်းစက်ရုံအား စုံစမ်းစစ်ဆေးရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
“အဲဒီ လုပ်သားတွေဟာ စမွန်စာခွန်ပြည်နယ်က ပင်လယ်စာစျေးနဲ့ပတ်သက်မှုမရှိကြပါဘူး” ဟု စမွန်စာခွန်ပြည်နယ်ရဲချုပ် Chumpol Phumphuang ကပြောသည်။ “သူတို့အနက် ၆ ဦးမှာ ပတ်စပို့တွေရှိကြပါတယ်။ ကျန်တဲ့သူတွေမှာတော့ မရှိကြပါဘူး” ဟုလည်း သူကပြောသည်။
ယင်း လုပ်သားများအား စမွတ်စာခွန်ပြည်နယ်တွင်းမှ ပြင်ပသို့သယ်ဆောင်ရန် စေခိုင်းသူအား အရေးယူမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများအား လက်ရှိနေရာတွင်သာနေထိုင်စေရန် ပြည်နယ်အုပ်ချုပ်ရေးမှူးထုတ်ပြန်ထားသော ကန့်သတ်ချက်ကို ချိုးဖောက်မှုဖြင့်လည်း အရေးယူဦးမည်ဖြစ်ကြောင်း ပြည်နယ်ရဲချုပ်ကပြောသည်။ အရေးပေါ်အမိန့်ဒီကရီကိုချိုးဖောက်မှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အပြင် ဒဏ်ငွေ ဘတ် ၄သောင်းကိုပါ အပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်းသိရသည်။
“အဲဒီ ရွှေ့ပြောင်းလုပ်သားတွေဟာ ဘယ်ကိုသွားရမယ်ဆိုတာမသိပါဘူး။ အလုပ်ရှင်ရဲ့ အမိန့်အတိုင်းလိုက်လုပ်ကြရတာဖြစ်ပါတယ်” ဟုလည်း ပြည်နယ်ရဲချုပ်ကပြောသည်။ “ဥပဒေချိုးဖောက်ရင် ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့က အရေးယူမှာပါပဲ” ဟုလည်း သူကပြောသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးအား ဆေးရုံတစ်ရုံသို့ပို့ကာ ဆေးစစ်မှုများပြုလုပ်ရာတွင် COVID-19 ကူးစက်မှုမတွေ့ရကြောင်းနှင့် ယခုအခါတွင် သူတို့အားလုံးကို စမွတ်ပရာကန်အားကစားရုံတွင် သီးသန့်နေထိုင်စေလျှက်ရှိကြောင်း သိရသည်။
လက်ရှိ ကပ်ရောဂါကူးစက်မှုဖြစ်ပွားနေစဉ်ကာလအတွင် စာရွက်စာတမ်းအထောက်အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားများအား ယာယီ ID ကပ်များထုတ်ပေးထားရန် ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ့က သက်ဆိုင်ရာ အာဏာပိုင်များအား ညွှန်ကြားထားကြောင်းသိရသည်။
Source: Khaosod News

Add a Comment

Your email address will not be published. Required fields are marked *