ကိုဗစ်ပြင်းထန်လူနာ‌တွေ သွေးပြန်ကြောပိတ်ပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ဖြစ်စဉ်တွေရှိခဲ့

ကိုဗစ်ရောဂါ ပြင်းထန်စွာခံစားရတဲ့လူနာတွေအနေနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်တဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်က သွေးကြောတွေမှာ သွေးခဲပြီး သွေးပြန်ကြောပိတ်ကာ ခြေထောက်ဖြတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ကိုဗစ်လူနာတွေကို သွေးရည်ကြည်ကုထုံးနဲ့ ကုသရေးအကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခဒေါက်တာရဲမြက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ အသက်ရှုလမ်းကြောင်းပျက်စီးပြီး အဆုတ်ရောင်ကိုင်းရုံတင်မကဘဲ ခန္ဓာကိုယ်တွင်းက သွေးခဲတွေပိတ်နိုင်သလို ပိတ်နေတဲ့ သွေးခဲကြီးမားပါကလည်း အသက်သေဆုံးနိုင်တယ်လို့လည်း ဒေါက်တာရဲမြက ပြောပါတယ်။
“ ကိုရိုနာဗိုင်းရပ်ဟာ အဆုတ်ရောင်တာအပြင် သွေးခဲတဲ့ ကဏ္ဍတွေပါလာတယ်။ ဝေဘာဂီဆေးရုံမှာဆိုရင် လူနာတစ်ယောက် သွေးခဲပြီးတော့ ခြေထောက်တစ်ခုလုံးပုပ်သွားတယ်။ နှစ်ဖက်စလုံးပုပ်သွားတယ်။ မဲပြီး ဒူးအထက်ထိ ပုပ်သွားတာ။ ဒီလူနာက သေဆုံးသွားပါတယ်။ အဲဒီလောက် ကြောက်ဖို့ကောင်းတယ်ဆိုတာပြတာပါ။ နေ့တိုင်း ဖြစ်တာမဟုတ်ပေမယ့် ဒီတစ်ယောက်တည်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၃) ၊ (၄) ရက်ကလည်း လူနာတစ်ယောက် ခြေထိပ်တွေ အကုန်ပုပ်ကုန်တယ်။ တောင်ဥက္ကလာပဆေးရုံက လူနာပါ ။ ခြေထောက်ဖြတ်လိုက်ရတယ်။ လူနာက အသက်ရှင်သွားပါတယ်။ဆိုလိုတာ ကိုဗစ်-၁၉ က ပေါ့သေးသေးမဟုတ်ပါဘူး။ တော်တော်လေးကြောက်စရာကောင်းပါတယ်” လို့ ပါမောက္ခဒေါက်တာရဲမြကဆိုပါတယ်။

ဓာတ်ပုံ-(MOHS) တောင်ဥက္ကလာပဆေးရုံကြီးမှာ ကိုဗစ်လူနာကို ခြေထောက်အောက်ပိုင်း အရေးပေါ်ဖြတ်တောက်ကုသမှုပေးနေစဉ်။

ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာတစ်ဦးကတော့ ခြေထောက်မှာ စတင် သွေးကြောပိတ်နေတာတွေကို တွေ့ရှိခဲ့ပြီး လူနာက ဆေးရုံကို အချိန်မှီရောက်လာတဲ့အတွက် စောစောစီးစီးကုသမှုပေးနိုင်ခဲ့တာကြောင့် ခြေထောက်အဖြတ်မခံရတော့ဘဲ ပြန်လည်ကောင်းမွန်သွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကိုဗစ်ပြင်းထန်စွာခံစားရတဲ့လူနာတွေဟာ အဆုတ်ရောင်ကိုင်းကာ သွေးကြောမျှင်တွေ ခဲလာတဲ့ အဆင့်ကို ရောက်ရှိပါက သေဆုံးနိုင်တဲ့အပြင် ပြန်ကောင်းသွားတယ်ဆိုပါကလည်း အသက် ၀၀မရှုနိုင်တော့တဲ့အခြေအနေကို ကြုံရနိုင်တယ်လို့လည်း ဒေါက်တာရဲမြကဆိုပါတယ်။

ရောဂါပြင်းထန်စွာခံစားခဲ့ရသူတွေဟာ ပြန်လည်ကောင်းမွန်သွားတယ်ဆိုရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးကြွက်သားထိခိုက်ပြီး နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တာ၊ အဆုတ်အတွင်းလေအိတ်ငယ်တွေကိုပျက်စီးပြီး အသက်ရှုရခက်ခဲတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေနိုင်တာ၊ အသက်ငယ်တဲ့သူတွေမှာလည်း ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်ပြီး လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ အကြောသေရောဂါ၊ ခြေတုန်လက်တုန်ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးတဲ့ ရောဂါ၊ ကိုယ်တွင်းသွေးခဲပြီးတော့ ဦးနှောက်သွေးခဲရောဂါ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေထောက်သွေးပြန်ကြောပိတ်တာ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်ပွားတာ၊ သက်ကြီးရွယ်အိုတွေနဲ့ ဆီးချိုရောဂါလို နာတာရှည်ရောဂါသည်တွေမှာလည်း အလွန်အမင်းမောပန်းတာ၊ အသက်ရှုရခက်ခဲတာ၊ ခေါင်းကိုက်တာ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲတာ စတာတွေ ခံစားရနိုင်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – Mi Thawdar Aung

Tags:

Add a Comment

Your email address will not be published. Required fields are marked *