Forbes Asia ရဲ့ Digital Stars အယောက် ၁၀၀ စာရင်းမှာ စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည် ပါဝင်

Forbes Asia ကနေ ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲမှာ စွမ်းအားပြည့် လှုပ်ရှားခဲ့ကြတဲ့ အာရှပစိဖိတ်ဒေသ တခွင်မှ အဆိုတော်၊ အဖွဲ့၊ ရုပ်ရှင်နဲ့ ရုပ်သံစတား ၁၀၀ စာရင်းကို မကြာသေးခင်တုန်းက ထုတ်ပြန်လိုက်ပါတယ်။
သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တည်ရှိမှုကနေ သူတို့ရဲ့ သစ္စာရှိ Follower သန်းပေါင်းများစွာကို သက်ဆိုင်ရာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ပိုင်ဆိုင်ခဲ့ပြီး စင်မြင့်နဲ့ ဖန်သားပြင်ပေါ်မှာရော အွန်လိုင်းပေါ်မှာ နာမည်ကြီးစေခဲ့ပါတယ်။ အဆင့်သတ်မှတ်ချက်နဲ့ ထုတ်ပြန်တာ မဟုတ်တဲ့ အဲ့ဒီစာရင်းကတော့ ထင်မှတ်မထားတဲ့အချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ အဲ့ဒီအနုပညာရှင် အယောက် ၁၀၀ စာရင်းမှာ မြန်မာနိုင်ငံက အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အသက် ၄၁ နှစ်အရွယ် စိုင်းစိုင်းခမ်းလှိုင်အကြောင်း ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံအတွင်း Facebook ပေါ်မှာ Follower အများဆုံး အနုပညာရှင်ဖြစ်ပြီး Follower ၉ သန်းကျော်တောင် ရှိတယ်လို့ ဆိုပါတယ်။


၂၀၂၀ ပြည့်နှစ်မှာ COVID-19 လျော့ပါးသက်သာစေရေးနဲ့ ဒေသတွင်းရုပ်ရှင်၊ ဂီတလုပ်ငန်းကို ထောက်ပံ့ကူညီဖို့ သူဟာ ယူနိုက်တက် အမရာဘဏ်နဲ့ ပူးပေါင်းပြီး SaiSai Pay ဆိုတဲ့ App ကို စတင်ထူထောင်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

အသက် ၃၂ နှစ်အရွယ် မင်းသမီး ဝတ်မှုံရွှေရည်ကတော့ ထပ်ဆင့်အကယ်ဒမီ ဆုရှင်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တဲ့ “လိပ်ပြာစံအိမ်” မှာ ပါဝင်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ထဲက ဇာတ်ရုပ်နဲ့ပဲ စင်ကာပူနိုင်ံရဲ့ အာရှအကယ်ဒမီ ဖန်တီးမှုဆိုင်ရာ ဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆုအတွက် လျာထားခံခဲ့ရပါတယ်။

သူဟာ မြန်မာနိုင်ငံအတွင်း Facebook မှာ Follower အများဆုံး အမျိုးသမီး အနုပညာရှင်ဖြစ်ပြီး Follower ၆ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ Forbes Asia ရဲ့ အနုပညာရှင်အယောက် ၁၀၀ စာရင်းထဲမှာ အများဆုံးပါဝင်နေတာကတော့ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအနုပညာရှင်တွေ ဖြစ်ကြပါတယ်။

ကိုရီးယားအနုပညာရှင်တွေထဲမှာတော့ EXO အဖွဲ့၊ BTS အဖွဲ့၊ TWICE အဖွဲ့၊ SEVENTEEN အဖွဲ့၊ Blackpink အဖွဲ့၊ Red Velvet အဖွဲ့၊ မင်းသား လီမင်းဟို၊ မင်းသား Nam Joo-hyuk ၊မင်းသား Ji Chang-wook၊ မင်းသား Lee Dong-wook၊ အဆိုတော် HyunA ၊ မင်းသမီး Lee Sung-kyung ၊ မင်းသမီး Krystal Jung၊ အဆိုတော် IU၊ မင်းသမီး Kim So-hyun ၊ အဆိုတော် Sunmi၊ မင်းသမီး Bae Suzy နဲ့ မင်းသမီး Park Shin-hye တို့ ပါဝင်တာကို တွေ့ရပါတယ်။

တရုတ် အနုပညာရှင်တွေထဲမှာတော့ EXO အဖွဲ့ဝင်ဟောင်းတွေ ဖြစ်ကြတဲ့ Kris Wu နဲ့ Luhan၊ အဆိုတော် Jackson Wang၊ အဆိုတော် မင်းသား Jackson Yee၊ မင်းသမီး Angelababy၊ မင်းသား Wang Yibo နဲ့ Donnie Yen တို့လို အထင်ကရ အနုပညာရှင်တွေ ပါဝင်ကြပါတယ်။

အိန္ဒိယ အနုပညာရှင်တွေထဲမှာတော့ မင်းသားကြီး အမီတာဘဂျမ်း၊ မင်းသားရှရွတ်ခန်၊ မင်းသား Akshay Kumar၊ မင်းသား Ranveer Singh၊ မင်းသား Hrithik Roshan နဲ့ မင်းသမီး Anushka Sharma စတဲ့ အနုပညာရှင်တွေ ပါဝင်လာပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မင်းသား Mario Maurer နဲ့ မင်းသမီး Davika Hoorne တို့ ပါဝင်ခဲ့တာကို ထူးထူးခြားခြား တွေ့ရှိရပါတယ်။

အခုလိုမျိုး ကပ်ရောဂါကာလမှာ ပရိသတ်အစုလိုက် ပါဝင်မယ့် ပွဲအခမ်းအနားတွေကို ဖျက်သိမ်းလိုက်ရပေမယ့် အဲ့ဒီစာရင်းမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ပရိသတ်တွေနဲ့ ဆက်သွယ်တာ၊ ကျန်းမာရေးအသိပေးမှုကို မြှင့်တင်တာနဲ့ အကောင်းမြင်စိတ်ကို လှုံ့ဆော်ပေးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့ အများစုကတော့ သူတို့ရဲ့ လွှမ်းမိုးနိုင်မှုကို အသုံးပြုပြီး COVID-19 နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝေမျှခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Ref:Forbes

translated by မစ်ကီ(ဧရာဝတီ)

Add a Comment

Your email address will not be published. Required fields are marked *