ထိုင်းဘုရင်မွေးနေ့မှာ ဝင်းနဲ့ဇော်ကို တစ်သက်တစ်ကျွန်းကနေ ထောင်ဒဏ် နှစ် ၅၀ ကိုလျှော့ချပေး

နတ်ရွာစံသွားပြီဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ကျရောက်သော မွေးနေ့မှာ လိပ်ကျွန်းလူသတ်မှုနှင့် တစ်သက်တစ်ကျွန်းချမှတ်ခံထားရသော မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းတို့ ကို ထောင်ဒဏ် နှစ် ၅၀ ကိုလျှော့ချပေးလိုက်ကြောင်းသိရသည်။
နတ်ရွာစံမင်းကြီး၏မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃ သောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အကျဉ်းသား ၂ သောင်းကို ထောင်ဒဏ်လျော့ပေါ့ ချမှတ်ပေးလိုက်သည့်ထဲတွင် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ လည်းပါဝင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ လိပ်ကျွန်းကို လာရောက်လည်ပတ်သည့် ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရပြီး အဲဒီအမှုမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အမှု ၇ မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲခဲ့ကြသည်။
အဆိုပါအမှုကို လိပ်ကျွန်း ကော့စမွေခရိုင် တရားရုံးတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သေဒဏ် အမိန့်ချမှတ်ခဲ့ပြီး သူတို့ နှစ်ဦးကို ထိုင်းနိုင်ငံ နွန်ထိဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းချခံစေခဲ့သည်။
ထိုသို့သေဒဏ်ချမှတ်ခံခဲ့ရသဖြင့်မြန်မာအလုပ်သမားများကိုကူညီပေးနေသည့် ရှေ့နေများမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ထိုင်းဘုရင် မဟာဝီဇယာလောင်ကွန်းဆီကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အသနားခံစာပို့ခဲ့ကြသည်။
ယခုနှစ် သြဂုတ် ၁၂ ရက်နေ့က ကျရောက်သည့် ထိုင်းဘုရင်၏မယ်တော် သီရိခက် သက်တော် ၈၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ်ပေးခဲ့ပြီး ယခု ဒီဇင်ဘာ ၄ရက်တွင် ထောင်ဒဏ် နှစ် ၅၀သို့ ဒုတိယအကြိမ် ထပ်မံလျှော့ချခံရခြင်းဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *