သီချင်း ၇ ပုဒ် ပါဝင်တဲ့ အဆိုတော် မီမီဝင်းဖေရဲ့ တကိုယ်တော်အခွေ ထွက်ရှိမည်

အဆိုတော် မီမီဝင်းဖေရဲ့ သီချင်း ၇ ပုဒ် ပါဝင်တဲ့ တကိုယ်တော် Mini Album ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ “New Normal live ကို လက်ခံနေထိုင်ရင်း ရပ်တန့်မနေကြဖို့ ဆက်လက် ရှင်သန်ဖို့၊ စိတ်ခွန်အား လူခွန်အားကို ဖြည့်တင်းပြီး အသီးသီး ရုန်းကန်လူပ်ရှားနေကြပါတယ်။ စိတ်ဖိစီးမှုများစွာတွေ ကြားထဲက ဖျော်ဖြေမှုလေးတွေကြောင့် စိတ်အပန်းဖြေနိုင်ကြစေဖို့ မျှော်လင့်မိပါတယ်။ တန်ဆောင်တိုင်ပွဲတော်ကာလမှာ သီချင်းသစ်လေးတွေကို သီချင်းချစ်သူများ ရှေ့ကို ပို့နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ မီမီဝင်းဖေက ပြောပါတယ်။

အခုလို အချိန်ကာလမှာ စိတ်ဖိစီးမှုများစွာကြားထဲက ဖျော်ဖြေမှုကြောင့် စိတ်အပန်းဖြေနိုင်ကြစေဖို့ မျှော်လင့်မိပြီး သီချင်းအသစ်တွေကိုလည်း သီချင်းချစ်သူများရှေ့ကို ပို့နိုင်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထွက်ရှိလာမယ့် ကျမရဲ့တကိုယ်တော် မီနီ အယ်လ်ဘမ်လေးကို စီဒီချပ် အနေနဲ့ရော စတစ် (Memory stick) အနေနဲ့ရော ထွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ စီးတီးမတ်နဲ့ အခြား Music store များစွာတို့မှာ ဝယ်ယူရရှိနိုင်ပါမယ်ရှင်” လို့ မီမီဝင်းဖေက ပြောပါတယ်။ သီချင်းအခွေရဲ့ နာမည်ကိုတော့ “သံယောဇဉ်လက်ကျန်” လို့ အမည်ပေးထားပြီး CD ချပ်များအပြင် Memory Stick အနေနဲ့လည်း ထွက်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“မြန်မာပြည့်အနှံ့အပြား မြို့ရွာမကျန် အိမ်အရောက် ပို့ပေးနိုင်မယ့် စနစ်ကိုလည်း အသုံးပြုသွားမှာဖြစ်လို့ အနယ်နယ် အရပ်ရပ်က ကျမရဲ့သီချင်းများကို ချစ်ခင်စွာ နှစ်သက်အားပေးလိုသူများ အဆင်ပြေစွာအားပေးနိုင်မှာ ဖြစ်ပါတယ်။ မှာယူလိုသူ သီချင်းချစ်သူများ ဝင်ရောက် ဝယ်ယူနိုင်မယ့် Link ကို မကြာမီ ဖော်ပြပေးပါ့မယ်။ စီဒီချပ်အပြင် စတစ်နဲ့ပါ ထွက်ရှိမယ့်အကြောင်း အထူးအသိပေးလိုပါတယ်” လို့ မီမီဝင်းဖေက ပြောထားပါတယ်။ အခွေကို ဖြန့်ချိတဲ့အခါမှာ အိမ်အရောက်ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားပြီး Pre Order စတင် မှာလို့ရအောင်လည်း ပြုလုပ်နေပြီလို့ သိရပါတယ်။

“ကျမရဲ့ အခုထွက်မယ့် Album ဖြန့်ချိတဲ့အခါ Original CD (သို့မဟုတ်) Stickကိုမှ ဝယ်ယူအားပေးလိုတဲ့ ပရိတ်သတ်များအတွက် အိမ်ရောက်မှ ငွေချေစနစ်ဖြင့် ပို့ဆောင်ခ သက်သာစွာနဲ့ ပို့ဆောင်ပေးမယ့် အစီအစဉ်လေးကို Legacy နဲ့ လက်တွဲပြီးဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်” “Pre-order မှာလို့ရအောင်လည်း စီစဉ်ထားပါတယ်၊ Ready ဖြစ်ရင် Order form ကို တိုက်ရိုက်ရောက်သွားမယ့် Link လေးကို မမီ ပေးပါ့မယ်။ Form မှာ လိုအပ်တာတွေ ဖြည့်စွက်ပြီး မှာလိုက်ရုံနဲ့ မြန်မာနိုင်ငံအတွင်း အိမ်အရောက် ပို့ဆောင်ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်နော်” လို့ မီမီဝင်းဖေက ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *