မြန်မာအသင်းပါဝင်သည့် အာရှဖလားယူ-၂၀ အမျိုးသမီးခြေစစ်ပွဲကို မန္တလေးမြို့၌ ကျင်းပရန် လျာထား

၂၀၁၉ အောက်တိုဘာအတွင်းက မြန်မာယူ-၁၉ အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်နေစဉ် (ဓာတ်ပုံ − MFF)

မြန်မာအသင်း ပါဝင် ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမ အဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ကို မန္တလေးမြို့၌ ကျင်းပရန် လျာထားကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ အာရှဘောလုံးအဖွဲ့ချုပ် သည် အောက်တိုဘာက လာမည့် နှစ်တွင် ကျင်းပမည့် အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမ အဆင့် ခြေစစ်ပွဲများအတွက် အိမ်ရှင်နိုင်ငံများကို ရွေးချယ်ခဲ့ရာ မြန်မာအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ ယင်းပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ၂၀၂၁ မတ်လ ၁၃ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ သြစတြေးလျ၊ တရုတ်၊ လာအို၊ တိုင်ပေ၊ မွန်ဂိုလီးယား၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန် နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိထားသည်။

‘လာမယ့်နှစ်မှာ အိမ်ရှင်အ ဖြစ် လုပ်ခွင့်ရထားတဲ့ အာရှ ဖလား ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲကို မန္တလေးမြို့မှာလုပ်ဖို့ လျာထားပါတယ်။ ပြိုင်ပွဲကိုတော့ ၂၀၂၁ မတ်လအတွင်းမှာလုပ်ဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ် ပြန်ထားတယ်။ ဒါပေဲ့ ကိုဗစ် အနေအထားအပေါ် မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်တယ်။ လက်ရှိတော့ အိမ်ရှင်လုပ်ခွင့်ရတဲ့ ယူ-၁၇ နဲ့ ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲ နှစ်ခုမှာ ယူ-၂၀ ပြိုင်ပွဲ ကို မန္တလေးမှာလုပ်ဖို့ လျာထားပြီး ယူ-၁၇ ပွဲကိုတော့ မသတ်မှတ်ရ သေးပါဘူး’’ ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

အာရှဖလား ယူ-၂၀ အမျိုး သမီးပြိုင်ပွဲ ခြေစစ်ပွဲကို အသင်း ပေါင်း ၃၄ သင်း ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ ၏ ဒုတိယအဆင့် ခြေစစ်ပွဲများကို ၂၀၂၁ သြဂုတ်နှင့် စက်တင်ဘာ တွင် ဆက်လက်ကျင်းပမည်ဖြစ် ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ထားသည်။ အာရှဘောလုံးအဖွဲ့ချုပ် သည် ယခင်က အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအဖြစ် ကျင်းပ လေ့ရှိသော်လည်း လာမည့် ၂၀၂၂ တွင် သက်တမ်း တစ်နှစ် တိုးမြှင့်၍ ယူ-၂၀ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည် ၂၀၁၉ အာရှ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသမီးပြိုင်ပွဲတို့၏ ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *