၂၀၂၀ မြန်မာရွေးကောက်ပွဲ – လွှတ်တော်ထဲဝင်မယ့် အမျိုးသမီးအမတ်တွေ ပိုတိုးလာ
|၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ထက် ကျော်လွန်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမတ်နေရာ အများအပြား အနိုင်ရရှိခဲ့ပါတယ်။ ထင်မှတ်ထားတာထက်ပို အနိုင်ရခဲ့တဲ့ NLD ပါတီကနေ အနိုင်ရခဲ့တဲ့ အမျိုးသမီး ကိုယ်စားလှယ်အရေအတွက်လည်း အရင်ရွေးကောက်ပွဲထက် တိုးလာပါတယ်။
ဒါ့အပြင် လွှတ်တော်အသီးသီးကိုမှာ ပါတီပေါင်းစုံက အမျိုးသမီး ကိုယ်စားလှယ် စုစုပေါင်းလည်း ၄ ရာခိုင်နှုန်းကျော် တိုးလာပြီး အမျိုးသမီး ကိုယ်စားလှယ် ၁၉၄ ဦး လွှတ်တော်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။ အပြောင်းအလဲမျှော်လင့်နိုင်မလား
၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၅၁ ယောက် အနိုင်ရခဲ့တာနဲ့ အခုရွေး ကောက် ပွဲရလဒ်ကို နှိုင်းယှဥ်ကြည့်လိုက်ရင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် တိုးလာတာကို တွေ့ရပါတယ်။
“အခုရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ အရွေးခံရတာ ပိုများလာတာကို ကျွန်မတို့ အမျိုးသမီးအရေး လှုပ်ရှားတဲ့သူတွေက ကြိုဆိုတယ်။ ဝမ်းသာတယ် ဂုဏ်လည်းဂုဏ်ယူတယ်။ အဲ့အတွက်လည်း အမျိုးသမီးတွေကို ကိုယ်စားလှယ်အဖြစ် လျာထားပြီး ရွေးချယ်ပေးလိုက်တဲ့ ပါတီခေါင်းဆောင်တွေကိုလည်း အသိမှတ်ပြုကျေးဇူးတင်ကြောင်းပြောချင်တယ်။ အမျိုးသမီးကိုယ်စားလှယ်တွေကိုယုံယုံကြည်ကြည်နဲ့ မဲပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်းကျေးဇူးတင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ လွှတ်တော်ထဲ ပိုရောက်သွားရုံနဲ့တော့ အပြောင်းအလဲက ဖြစ်လာမှာ မဟုတ်ဘူး။ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်မှုနဲ့ သူတို့ကို ရွေးချယ်ပေးလိုက်တဲ့ မိခင်ပါတီရဲ့ လုပ်ဆောင်မှု၊ နောက် သူတို့ကိုယ်တိုင်ရဲ့ စိတ်ဝင်စားမှု ဒါတွေပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ထင်တယ် “လို့ အမျိုးသမီးရေးလှုပ်ရှားသူ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။
အမျိုးသမီးအမတ်များဆုံးပါတီ NLDပါတီက၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်အမတ် ၁၃၄ နေရာ အနိုင်ရခဲ့ရာက အခု၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးအမတ် ၁၆၇ ယောက် အနိုင်ရခဲ့တာဖြစ်လို့ ၃၀ ကျော် တိုးလာပါတယ်။ အခုရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၉၂၀ နိုင်ခဲ့တဲ့ NLDပါတီမှာ အမျိုးသမီးကိုယ်စားလှယ် ၁၆၇ ဦး ရှိလာလို့ အမျိုးသမီးပါဝင်မှုက ၁၈ ရာခိုင်နှုန်းကျော်အထိ တက်လာပါတယ်။ လူငယ်အမတ်တွေဖြစ်ကြတဲ့ မြောက်ဒဂုံ ပြည်သူ့လွှတ်တော်က ဒေါ်မြသီတာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်(၁) မဲဆန္ဒနယ်က ဒေါ်သက်ထားစုကြည်တို့ အနိုင်ရခဲ့ကြသလို ဝါရင့် အမျိုးသမီး အမတ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်ခင်စန်းလှိုင်၊ ဒေါ်မေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဒေါ်စုစုလွင်တို့လဲ သက်ဆိုင်ရာမဲဆန္ဒနယ်တွေက အနိုင်ရခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း လူစိတ်ဝင်စားခဲ့တဲ့နေရာတွေထဲမှာပါတဲ့ ရှမ်းပြည်နယ် ကလောမြို့နယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLDက ဒေါ်ပြုံးကေသီနိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ လူအများစု အာရုံစိုက်ခံရတဲ့ နောက်မဲဆန္ဒနယ်တစ်ခုကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပါ။ အဲ့ဒီမှာလည်း NLD က ဒေါ်မေဝင်းမြင့်က ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်အရ ဒေါ်ခင်ဌေးကြွယ်၊ဒေါ်ခင်စန်းလှိုင်နဲ့ဒေါ်မေဝင်းမြင့်တို့ဟာရွေးကောက်ပွဲ လေးခုဆက်တိုက်အနိုင်ရခဲ့တဲ့အမျိုးသမီးအမတ်တွေဖြစ်လာပါတယ်။ သူတို့ ၃ ယောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ရွေးကောက်ပွဲနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရထားသူတွေ ဖြစ်ပါတယ်။