လွှတ်တော်မှာ စောင့်ကြည့်ရမယ့် မျက်နှာသစ် လူငယ်အမတ်များ- ဧရာဝတီတိုင်း

အသက် ၂၉ နှစ်အရွယ် ဦးဝေလင်းအောင်၊ အသက် ၃၁ နှစ်အရွယ် ဦးဝိုင်းမောင်စိုးနဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်နီနီပြုံးတို့ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာရော ၂၀၂၀ ရွေးကောက်ပွဲမှာပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်းလုံးကျွတ် အောင်ပွဲခံနိုင်ခဲ့တဲ့ တိုင်းဒေသကြီးတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးကလည်း တစ်ခုအပါအဝင်ပါ။
လက်ရှိအစိုးရသက်တမ်းအပြီး အသစ်ပြန်လည်ဖွဲ့စည်းမယ့် လွှတ်တော်ထဲမှာ NLD အမတ်ဟောင်းတွေလည်း ပြန်လည်နေရာယူခဲ့သလို မျက်နှာသစ်လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းတွေလည်း ပါဝင်လာခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်းက မျက်နှာသစ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအကြောင်းကို လေ့လာကြည့်မယ်ဆိုရင်တော့..

ကိုဝေလင်းအောင်

အသက် ၂၉ နှစ်အရွယ် ကိုဝေလင်းအောင်က မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အနိုင်ရရှိခဲ့တဲ့ အမတ်လောင်းပါ။ သူက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာတော့ အသက်အငယ်ဆုံး မျက်နှာသစ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်အထက်တန်းကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ တစ်ဦးတည်းသော သားဖြစ်တဲ့ ကိုဝေလင်းအောင်မှာ နိုင်ငံရေးမျိုးရိုးမရှိသလို နိုင်ငံရေးလုပ်ရှားမှုလည်းမရှိခဲ့ပါဘူး။ ယခု၂၀၂၀ ရွေးကောက်ပွဲမှသာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်မယ်ဆိုပြီး လွှတ်တော်အမတ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – ကိုဝေလင်းအောင်ဖေ့စ်ဘွတ်

လွှတ်တော်ထဲမှာ ကိုဝေလင်းအောင် ဘာလုပ်ပေးမလဲ

“မြို့နယ်အတွက်တော့ လိုအပ်ချက်တွေအများကြီးပဲ။ အစဉ်အဆက်မကောင်းခဲ့တဲ့ လမ်းတံတားတွေ၊ တကယ်ပဲ လိုအပ်နေတဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်စည်းမယ်။ မြို့ရွာမှာ မဖြစ်မြောက်သေးတဲ့ အရာတွေလည်းအများကြီးပါ။ ဒါတွေကို အဓိကထားပြီး လုပ်သွားပါမယ်”

ကိုဝေလင်းအောင်ရဲ့ ထူးခြားချက်

နိုင်ငံရေးမျိုးရိုး၊ နိုင်ငံရေးအတွေ့အကြုံမရှိပေမဲ့ ပရဟိတလုပ်ငန်းတွေကိ ၁၀ နှစ်ခန့် တစိုက်မတ်မတ်လုပ်လာခဲ့တဲ့အတွက် လူထုရဲ့အခက်အခဲကို မြင်တွေ့လာပြီး ပရဟိတလုပ်ငန်းတွေကို ဒီထက်ပိုလုပ်ချင်တာကြောင့် နိုင်ငံရေးလောကထဲကို ခြေစုံပစ် ဝင်ရောက်လာသူပါ။ NLD မှာ လူငယ်ပါဝင်မှု နည်းပါးတာကြောင့် လူငယ်တစ်ယောက်အနေနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။ မြောင်းမြမြို့နယ်က NLD အားကောင်းတဲ့ မဲဆန္ဒနယ်လည်းဖြစ်သလို သူကိုယ်တိုင်ကလည်း လူငယ်အမတ်လောင်းတစ်ယောက်အနေနဲ့ လူထုရဲ့ အားပေးမှုကို ရရှိခဲ့တဲ့အတွက် မဲရလဒ်က တစ်သိန်းကျော်ရခဲ့ပြီး ပြိုင်ဘက်ပါတီတွေနဲ့ ယှဉ်မယ်ဆိုရင် မဲအရေအတွက် ငါးသောင်းကျော်အကွာနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒေါ်နီနီပြုံး

ဒေါ်နီနီပြုံးက ဇလွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁)ကနေ အနိုင်ရရှိခဲ့တဲ့ မျက်နှာသစ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါ။ အသက်က (၃၅)နှစ်ရှိပြီ ဖြစ်ပြီး ဥပဒေနဲ့ ဘွဲ့ရရှိထားသူဖြစ်ပါတယ်။ မျိုးရိုးစဉ်ဆက် နိုင်ငံရေးလုပ်ခဲ့သူမရှိဘဲ မိဘတွေက တောင်သူတွေသာဖြစ်ပါတယ်။ သူမက အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံခဲ့သူဖြစ်ပြီး ၂၀၁၈ခုနှစ်၊ စက်တင်ဘာလထဲမှာ ပါတီထဲကို စတင်ဝင်ရောက်ခဲ့တာပါ။

ဓာတ်ပုံ – ဒေါ်နီနီပြုံးဖေ့စ်ဘွတ်

လွှတ်တော်ထဲမှာ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးသွားမှာလဲ

“များသောအားဖြင့် တရားစီရင်ရေးကဏ္ဍ၊ ဥပဒေပြုရေး ကဏ္ဍတွေ၊ ကိုယ်ကအမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် အမျိုးသမီးကဏ္ဍတွေကိုလည်း ဦးစားပေးလုပ်သွားမယ်။ ပြီးတော့ ပြည်သူတွေအနေနဲ့ ဥပဒေဆိုင်ရာဗဟုသုတတွေရှိစေဖို့ ရည်ရွယ်သလို ကိုယ်ကလည်း ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့သူဆိုတော့ ဒါတွေကိုအဓိကထား လုပ်ဆောင်သွားမှာပါ။ ဒေသဖွံ့ဖြိုးရေးတွေကတော့ တခြားကိုယ်စားလှယ်တွေနဲ့အတူပဲ ပူးပေါင်းလုပ်ဆောင်သွားပါမယ်”

ဒေါ်နီနီပြုံးရဲ့ထူးခြားချက်

ဒေါ်နီနီပြုံးက နိုင်ငံရေးကို အလွန်စိတ်ဝင်စားပြီး ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူရဲ့ အားကိုးရာဖြစ်ဖို့ ဆုံးဖြတ်ချက်ချထားသူပါ။ ရှေ့နေတစ်ဦးဖြစ်တဲ့အတွက် ဌာနဆိုင်ရာတွေနဲ့ တရားစီရင်ရေးပိုင်းအလုပ်လုပ်တဲ့အခါမှာ တရားစီရင်ရေးပိုင်းကလည်းယိုင်နဲ့နေတာ တွေ သလို ဌာနဆိုင်ရာတွေကပြည်သူ့ဝန်ထမ်းတွေကလည်း ပြည်သူတွေကိုအာဏာပြတာတွေ မြင်ဖူးနေတဲ့သူမဟာ ဒါတွေကို ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့အတွက် ရွေးကောက်ပွဲဝင်ခဲ့သူပါ။ ထက်မြက်ပြတ်သားတဲ့ ဒေါ်နီနီပြုံးက ဇလွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) မှာ မဲအရေအတွက် (၁၅၀၀၀)ကျော်နဲ့ ပြိုင်ဘက်ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့သူပါ။

ဦးဝိုင်းမောင်စိုး

ဦးဝိုင်းမောင်စိုးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁၂) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့သူပါ။ အသက်က (၃၁)ဖြစ်ပြီး နိုင်ငံရေးသင်တန်းဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူက ၂၀၁၁ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေဒီပါတီဝင်အဖြစ် ပါတီရဲ့ လူမှုရေး၊ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ မျိုးရိုးစဉ်ဆက်တော့ နိုင်ငံရေးလုပ်ကိုင်ခဲ့သူမရှိပါဘူး။ ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ၂၀၁၅ခုနှစ်မှာကတည်းက ကြိုတင်လေ့လာပြင်ဆင်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ဦးဝိုင်းမောင်စိုးဖေ့စ်ဘွတ်

ပြည်သူတွေအတွက် ဦးဝိုင်းမောင်စိုးရဲ့ကတိစကား

အဓိက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေဖြစ်တဲ့ ဈေး၊ ဆေးရုံ၊ ပန်းခြံလိုနေရာတွေကို ပိုပြီးတော့ အဆင့်ရှိရှိနဲ့ ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေရအောင်လုပ်သွားမယ်။ နယ်တွေမှာက ပန်းခြံလိုနေရာမျိုးတွေက ကောင်းကောင်းအသုံးပြုလို့မရတဲ့ အတွက် ဒီအပိုင်းတွေကို တိုးတက်အောင် လုပ်နိုင်သမျှလုပ်မယ်။ တခြား ပတ်ဝန်းကျင်ပြဿနာတွေကိုလည်းဖြေရှင်းနိုင်အောင်လည်း အလေးအနက်လုပ်မယ်။ အသေးစားသွေချေးလုပ်ငန်းတွေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ လည်း ဥပဒေပိုင်းဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲမှုလုပ်သွားဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဦးဝိုင်းမောင်စိုးရဲ့ထူးခြားချက်

ပါတီဝင်တစ်ယောက်အနေနဲ့ ၉ နှစ်နီးပါး နိုင်ငံရေးကို သေချာလေ့လာခဲ့သူပါ။ လေ့လာသိရှိမှုတွေ လုံလောက်ပြီလို့ ယူဆမိတဲ့အချိန် ၂၀၂၀ ရွေးကောက်ပွဲမှာမှ ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူပါ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းထဲမှာဆို သူက အအသက်အငယ်ဆုံးတစ်ဦးပါပဲ။ မဲဆွယ်စည်းရုံးစဥ်ကတည်းက လူငယ်တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ ကြိုဆိုမှုကို ရရှိခဲ့ပြီး ရွေးကောက်ပွဲမှာ မဲအရေအတွက် (၂၄၀,၀၀၀)ကျော်နဲ့ ပြိုင်ဘက်ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *