ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း နေပြည်တော်တွင် ဆန္ဒထုတ်ဖော်
|ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၅ ) နံနက်ပိုင်းက လူအင်အားထောင်ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူများက B4 လမ်းဆုံမှ ရွှေနံ့ သာဘောလုံးကွင်းသို့ ချီတက်ကာ
“ရွေးကောက်ပွဲကော်မရှင် အယုံအကြည်မရှိ”
“ရွေးကောက်ပွဲရလဒ် အယုံအကြည်မရှိ”
“ကိုဗစ်ငွေကြေး မဲဝယ်ပေး အလိုမရှိ” အစရှိသည့် ကြွေးကြော်သံများအော်ဟစ်ကာ
လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဘောလုံးကွင်းအတွင်းရှိ စင်မြင့်တွင် မဲဆန္ဒရှင်ပြည်သူတဦးချင်းစီက တရားမျှတမှုမရှိဆိုသော အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူအများစုမှာ အရပ်ဝတ်များဝတ်ဆင်ထားကာ ပြည်ခိုင်ဖြိုးပါတီတံဆိပ်ပါအကျႌ ဝတ်ဆင်ထားသူအချို့လည်း ပါဝင်သည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟုဆိုကာ ဆန္ဒဖော်ထုတ်မှု တခု ပြုလုပ်ခဲ့သည်။
ထွန်း(နေပြည်တော်)