ကျိုက်ထီးရိုးတောင်ပေါ်နေ လူဦးရေ (၃၀၀၀) ကျော် စားဝတ်နေရေး အခက်အခဲနဲ့ကြုံတွေ့နေရ

ကျိုက်ထို ၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးစေတီတော်ကို အမှီပြု နေထိုင်နေကြတဲ့ လူဦးရေ (၃၀၀၀)ကျော်ဟာဆိုရင် စားဝတ်နေရေး အခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ တောင်ပေါ်နေ မိသားစုတွေက ပြောပါတယ်။

လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ကျိုက်ထီးရိုးတောင်ပိတ်ထားသည်မှာ (၈) လခန့်ကြာမြင့်ပြီး ဘုရားဖူးများ လာရောက်နိုင်မှု မရှိခြင်းကြောင့် အလုပ်အကိုင်ရှားပါးကာ သွားလာရခက်ခဲတာကြောင့် စားဝတ်နေရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။

” ကိုဗစ်ကြောင့် တောင်ပိတ်ထားရတာက (၈)လ၊ ၉လ လောက်ရှိပြီး၊ အရင်ကတော့ တောင်ပေါ်မှာ ရေထမ်းတယ်၊ စျေးရောင်းတယ်၊ သူဟာသူစားဝတ်နေရေးအတွက် အဆင်ပြေတယ်၊ ခုက ကိုဗစ်ကြောင့် တောင်က ဘယ်တော့ဖွင့်မလဲဆိုတာမသိရဘူး၊ ခုက တော်တော်လေး ကြပ်တည်းနေတယ်၊ အစကတည်းကလည်း ဒီမှာဘဲနေ ဒီမှာဘဲ ရှင်သန်လာသူတွေဆိုတော့ အခြားကို သွားနေဖို့ကလည်း အဆင်မပြေဘူး၊ တောင်ပေါ်မှာလည်း ဘာအလုပ်မှ မရှိဘူး၊ ပိုက်ဆံရဖို့ အလုပ်လုပ်ချင်တာတောင် အလုပ်မရှိဘူး၊ တောင်အောက်ဆင်းပြီး အလုပ်လုပ်ဖို့ကျတော့ ဒီချိန်အားလုံးက ကြပ်တည်းနေကြတာဆိုတော့ အလုပ်မခေါ်ကြဘူး၊ စားဖိုကျ ထမင်းတောင်နပ်မမှန်တော့ဘူး၊ မနက်စာ ညစာပေါင်းစားရတဲ့ ရက်များနေပြီး၊ ကိုယ်က လူကြီးဆိုတော့နေလို့ ရပေမယ့် မြေးတွေအတွက်က သူတို့စားဖို့လုပ်ပေးမှ ရမှာလေ၊ ဒီမှာဘဲနေ ဒီမှာဘဲ ကြီးလာတော့ ဒီတောင်ပေါ်မှာဘဲ သေဖို့ ဆုံးဖြတ်ထားတယ်၊ သွားစရာနေစရာမှ မရှိတာကို”လို့ကျိုက်ထီးရိုးတောင် ဆင်ချောက်ကျေးရွာနေ ရပ်မိရပ်ဖ ဦးတင်ဝင်းက ပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ကျိုက်ထီးရိုးတောင်ကို မတ်လ (၂၁) ရက်နေ့မှ စတင်ပြီး ဘုရားပွဲရာသီမကုန်မှီပိတ်ခဲ့ရတာကြောင့် ဘုရားဖူးများ သွားလာမှုမရှိသလောက်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

“ကျွန်မက တောင်ပေါ်မှာ ပျံကျစျေးသည်ပါ၊ ခုတောင်ကပိတ်ထားတော့ ဘုရားဖူးကမလာ အလုပ်အကိုင်ကမရှိ အခြားနေရာမှာ သွားလုပ်စားဖို့က နေစရာမရှိဆိုတော့ ခုလိုအခြေနေမှာ စားဝတ်နေရေးက အရမ်းကြပ်တည်းနေပါတယ်၊ အလှူ ရှင်တွေကတော့ တစ်ခါတလေ လာပါတယ်၊ တစ်ခါတလေကျ တစ်လလောက်နေ အလှူ ရှင်လာတယ်၊ တစ်ခါတစ်လေကျ (၂) လလောက်မှ လာတယ်၊ တောင်ပေါ်မှာက မရှိတဲ့သူတွေများတော့ ခွဲတမ်းကျ အများကြီးမရဘူးလေ၊ ဆန်ဆိုလည်း (၆) ပြည်အိတ်တစ်အိတ် ဆီဆိုလည်း တစ်ဗူးပေါ့၊ တောင်ဖွင့်ချိန်ကတော့ စျေးရောင်းစားတာဆိုတော့ ခုလိုကြီး ငတ်လောက်တဲ့အခြေနေ မရှိဘူးပေါ့၊ အိမ်မှာက ကလေးတွေလည်းရှိတော့ ခုချိန်က တော်တော်ခက်ခဲတယ်၊ အလုပ်လုပ်ချင်ရင်တောင် အလုပ်မရှိလို့ အလှူ ရှင်မျှော်နေရတဲ့အဖြစ်ရောက်နေပါတယ် ”လို့ ပျံကျစျေးရောင်းသူ မသိန်းကြွေက ပြောပါတယ်။

လက်ရှိ စားဝတ်နေရေးအခက်အခဲရှိသူတွေဟာဆိုရင် ကျိုက်ထီးရိုးတောင်ကို အမှီပြုကာ နေထိုင်လုပ်ကိုင်စားသောက်နေရတဲ့ ပျံကျစျေးသည်တွေ၊ ကုန်ထမ်းလူထမ်းသမားတွေနဲ့ ပျံကျလုပ်ကိုင်စားသူတွေဖြစ်ပြီး ၎င်းတို့က တောင်ပေါ်မှာ အမြဲတမ်း နေထိုင်သူများ ဖြစ်တယ်လို့ သိရပါတယ်။

“တောင်မပိတ်ခင်ကတော့ ဘုရားဖူးများရင် တစ်နေ့ တစ်သောင်းကျော်လောက်ရတယ်၊ ပုံမှန်တော့မရှိဘူး၊ တောင်ဖွင့်တော့ အနည်းနဲ့အများ အဆင်ပြေတယ်လေ အလုပ်ရှိနေတာကို၊ ခုက ကိုဗစ်ကာလမှာ ဘုရားဖူးမလာတော့ ကျွန်တော်တို့စားဝတ်နေရေးအတွက် အခက်ခဲအများကြီးဖြစ်တယ်၊ အလုပ်လုပ်ချင်ပေမယ့် အလုပ်မရှိဘူး၊ ဒီချိန်မှာ တောင်ပေါ် တောင်အောက် ဘယ်သူမှ အလုပ်မခေါ်ကြဘူး၊ အလှူ ရှင်များရှိရင်တော့ စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့ တောင်ပေါ်နေ မိသားစုတွေအတွက် လာရောက် လှူဒါန်းစေချင်ပါတယ် ”လို့ ကုန်ထမ်း၊လူထမ်းလုပ်ကိုင်သူ ကိုမိုးသူရထွန်းက ပြောပါတယ်။

လက်ရှိ ကျိုက်ထီးရိုးတောင်ပေါ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး”ခုကတောင်ပိတ်ထားတာ လပေါင်းများစွာကြာလာပြီးဆိုတော့ တောင်ပေါ်နေတဲ့သူတွေက စားသောက်ရေးကို ကောင်းကောင်းရပ်တည်နိုင်တဲ့သူမရှိတော့ဘူး၊ အလှူ ရှင်တွေဆိုတာကလည်း ဘကကျောင်းဆရာတော်၊ တောင်ပေါ်ဟိုတယ်ပိုင်ရှင်အချို့က လှူဒါန်းတာတွေနဲ့ စားနေရတဲ့အခြေနေပါ၊ အစိုးရထောက်ပံမှုကျတော့ တောင်ပေါ်မှာ မရှိတဲ့သူ အိမ်ခြေ (၁၀၀) ရှိရင် (၂၀) စာလောက်ဘဲရတော့ အားလုံးကို အညီအမျှခွဲဝေပေးနေရတယ်၊ အားလုံးကအဆင်မပြေမှုတွေဖြစ်နေတော့ စုငတ်နေကြရတဲ့သဘောဖြစ်နေတယ်”လို့ ရာအိမ်မှူး ဦးအောင်စိုးလင်းက ပြောပါတယ်။

COVID-19 ရောဂါအခြေအနေ လျော့ပါးသက်သာလာပါက ကျိုက်ထီးရိုးတောင်ကို ပြန်လည်ဖွင့်လှစ်ပေးစေချင်ပြီး ဘုရားဖူးများ လာခွင့်ပေးစေချင်ကြောင်း၊ စေတနာရှင်အလှူ ရှင်များရှိပါကလည်း တောင်ပေါ်နေမိသားစုများအတွက် လာရောက်လှူဒါန်းစေလိုတယ်လို့ ရင်ပြင်တော်အုပ်ချုပ်ရေး အဖွဲ့မှ သိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်ဟာဆိုရင် ပျှမ်းမျှအားဖြင့် နေ့စဉ် ပြည်ပခရီးသွား (၂၀၀) ခန့်နှင့်ပြည်တွင်းခရီးသွား (၅၀၀၀) ခန့်လာရောက်လေ့ရှိကြောင်း၊ ဘုရားပွဲရာသီကာလတွင် စေတီတော်ကြီးအား အမှီပြုကာစီးပွားရှာနေထိုင်သူ (၅၀၀၀) ဦးကျော်ရှိပြီး ဘုရားပွဲရာသီပြီးဆုံးချိန် မိုးတွင်းကာလတွင် ပုံမှန်နေထိုင်သူ ၃၀၀၀ ဦးကျော်ရှိကြောင်းနဲ့ ရသေ့တောင်၊ ရေမြောင်ကြီး၊ ဖိုးပြန်တောင်၊ ရွှေရင်စို့၊ စိုင်းတမော့နေရာတို့တွင် နေထိုင်သူများလည်းရှိတယ်လို့ သိရပါတယ်။

ရာမညတိုင်း(မ်)

Add a Comment

Your email address will not be published. Required fields are marked *