ပေါင်းတည်မြို့နယ်မှာ ကျင်းပခဲ့တဲ့ NLD ပါတီ အောင်ပွဲခံပွဲတွေမှာ နှစ်ရက်ဆက်တိုက် ဓားထိုးမူဖြစ်ပွား

ပေါင်းတည်၊ နိုဝင်ဘာ၊၁၂၊၂၀၂၀။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ NLD အောင်ပွဲအထိမ်းအမှတ်ကျင်းပရာမှာ ဒုတိယမြောက် ဓားထိုးမှုတခု မနေ့ည ၉ နာရီခန့်က ထပ်မံဖြစ်ပွားခဲ့တယ်လို့ ပေါင်းတည်မြို့မရဲစခန်းက သိရပါတယ်။

“ရဲမင်းထွန်းမှာ (ဓားထိုးခ့ရသူ) ယာဘက်လက်မောင်း၊ ဝဲဘက်လက်ပျဉ်နဲ့ ကျောကုန်းတို့မှာ ထိုးသွင်းဒဏ်ရာ ၁ ချက်စီရရှိခဲ့ပါတယ်။ တရားခံကိုတော့ဖမ်းမိထားပါပြီ”လို့ ပေါင်းတည်မြို့မရဲစခန်းက ဒုရဲအုပ်ငြိမ်းလင်းအောင်က ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊ သံသပ်စမ်းကျေးရွာက ကျင်းပခဲ့တဲ့ NLD အောင်ပွဲမှာရန်ငြိုးရှိတဲ့ ရွာသားအချင်းချင်း ဖြစ်ပွားတာဖြစ်ပြီး၊ အသက် (၃၄)နှစ်အရွယ် ဘိုကျော်ဆိုသူက အသက် (၃၂)နှစ်အရွယ် ရဲမင်းထွန်းကို အရိုးအသွား(၁)ပေခန့်ရှိတဲ့ ဓါးမြှောင်နဲ့ထိုးခဲ့တာလို့ သိရပါတယ်။

“သံသပ်စမ်းရွာမှာ NLD အောင်ပွဲခံမုန့်ဟင်းခါးကြွေးတာ အဲဒီမှာထဖြစ်တာ သူတို့နှစ်ယောက်ကနောက်ကြောင်းတွေရှိတယ်။ လူငယ်ကိစ္စတွေပေါ့ ပါတီပွဲမှာဒီလိုဖြစ်တာတော့ မကောင်းဘူးပေါ့ သူကနောက်ကျောကနေတီး လိုက်တာ အဆုတ်ကိုထိသွားတယ်။ အခုပြည်ဆေးရုံမှာပါ” လို့ အဲဒီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက မြေလတ်အသံကို ပြောပါတယ်။

“အောင်ပွဲအထိမ်းအမှတ် စတုဒီသာကျွေးမွေးကြတာ သာဓုခေါ်ပါတယ်။ အရက်ဘီယာသောက် ကခုန်ကြတော့ ဓားစမ်းကြတာက တစ်ညတစ်မူ ဖြစ်နေပါတယ်။ ပေါင်းတည်ရေ” လို့ ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်ကသူ့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ယမန်နေ့ညက ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ညကလည်း ပေါင်းတည်မြို့နယ် အဂ္ဂရာပြည့်အုပ်စု၊ ကုန်းဆင်းရွာမှာကျင်းပတဲ့ အောင်ပွဲခံပွဲမှာလည်း အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး ဓားနဲ့ထိုးခုတ်အသတ်ခံရလို့ သေဆုံးမှုဖြစ်ပွားခဲ့ပြီး မနေ့ညက ဖြစ်ပွားတဲ့ ဓားထိုးမှုဟာ ဒုတိယမြောက်ဖြစ်ပါတယ်။

“ကိုယ်လည်းနိုင်နေပြီဆိုတော့ အောင်ပွဲကို ထိန်းထိန်းသိမ်းသိမ်းလုပ်စေချင်တာပေါ့။ ကျနော်တို့ခေါင်းဆောင်ကလည်း ပြောထားတာပဲ ကိုယ်လည်းအနိုင်ရနေပြီ တဖက်လူကိုလည်းကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်လုပ်ဖို့ ခက်တာက သူတို့တွေက သူတို့ရပ်ရွာမှာလုပ်ကြတာဆိုတော့ ပြောဖို့ကခက်နေတယ်” လို့ လက်ရှိပေါင်းတည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ တိုင်းဒေသကြီးအမှတ်(၁)ကနေ ရွေးချယ်ခံထားရသူ ဦးဇော်ဝင်းက ပြောပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုနဲ့ပတ်သက်တဲ့ ဘိုကျော်ကို ပေါင်းတည်မြို့မရဲစခန်းက (ပ)၁၉၃/၂၀၂၀၊ အပြင်းအထန်နာကျင်စေမူပုဒ်မ ၃၂၆ နဲ့ အမူဖွင့်ထားကြောင်း သိရပါတယ်။

သတင်းနှင့် ဓါတ်ပုံ – အောင်ကြီး

Add a Comment

Your email address will not be published. Required fields are marked *