တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင်ရန် အာဏာရ NLD ပါတီ ဖိတ်ခေါ်

တိုင်းရင်းသားပါတီ ၃၉ ခု ထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က “နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် ယနေ့ (နိုဝင်ဘာ ၁၂) တွင် တိုင်းရင်းသားပါတီ ၃၉ ခု သို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။

ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD သည် နောင်အနာဂါတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်ဟု ယင်းအိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

“တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂါတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု NLD က ဆိုသည်။

တိုင်းရင်းသားပါတီများအနေဖြင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသည့် လက်ရှိအာဏာရ NLD ပါတီသည် လုပ်ပိုင်ခွင့်နေရာ အားလုံးကို ၎င်းတို့ပါတီတစ်ခုတည်းက ယူမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရန် ရည်မှန်းထားသည်ဟုလည်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

Add a Comment

Your email address will not be published. Required fields are marked *